၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲမယ့် အသင်း (၂၀)ထဲမှာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့ ဘန်လေ ၊ ရှက်ဖီး ယူနိုက်တက် နဲ့ လူတန်တောင်း အသင်းထဲလည်း ပါဝင်နေပါတယ်။ ဒီ (၃)သင်းထဲကမှ မန်စီးတီး legend ကြီး ဗင်းဆင့် ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေအသင်းအကြောင်းကို သုံးသပ်သွားချင်ပါတယ်။

burnley

Photo Credit : Twitter

ဘန်လေက ၂၀၁၁-၂၀၂၂ ဘောလုံးရာသီမှာ အဆင့် (၁၈)သာ ရရှိခဲ့လို့ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေက ချန်ပီယံရှစ်မှာ မကျင်လည်ခင်မှာပဲ ကွန်ပနီကို နည်းပြသစ်အဖြစ် ယုံယုံကြည်ကြည် ခန့်အပ်ခဲ့သလို ကွန်ပနီ ကိုယ်တိုင်ကလည်း နည်းပြတစ်ဦးအဖြစ် တစ်ကျော့ပြန် အင်္ဂလန် ခရီးစဉ်အစမှာပဲ အောင်မြင်မှုကြီး ရယူနိုင်ခဲ့ပါတယ်။ တကယ်တော့ နည်းပြဟောင်း ရှောင်ဒိုက် အချိန်ယူ တည်ဆောက်ထားတဲ့ ဘန်လေ လို အသင်းမျိုး အချိန်လိုလေးအတွင်းမှာပဲ ပြန်လည် တည်ဆောက်ပြီး ပြိုင်ဘက် အသင်းတွေထက် အမှတ်အပြတ် သာလွန်ကာ တန်းပြန်တက်အောင် လုပ်ဆောင်ဖို့ဆိုတာက တကယ် မလွယ်ကူပါဘူး။

vincent kompany

Photo Credit : The Analyst

ဒါပေမယ့်လည်း နည်းပြ အတွေ့အကြုံ နုနယ်သေးတဲ့ ကွန်ပနီက ဘန်လေကို ချန်ပီယံရှစ်ပြိုင်ပွဲမှာ စံချိန်တင် ရမှတ်ဖြစ်သော (၁၀၁)မှတ်အထိ ရရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ပြန်လည် တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ကွန်ပနီက ဘန်လေ အသင်းရဲ့ ကြံခိုင်မှု အသားပေးတဲ့ ကစားဟန်ကို ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားဟန်အဖြစ် ပြောင်းလဲခဲ့သလို ဆရာသမားဟောင်းတွေဖြစ်တဲ့ ဂွာဒီယိုလာ မန်ချီနီ ပယ်လီဂရီနီတို့ဆီက သင်ယူထားသမျှတွေနဲ့ ဘန်လေကို အကောင်းဆုံး ဦးဆောင်ခဲ့ပါတယ်။

burnley kompany

Photo Credit : Sporting Life

အခုတော့ ကွန်ပနီက ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးဆီကို နည်းပြတစ်ဦးအဖြစ်နဲ့ပါ ရောက်ရှိလာပါတော့မယ်။ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံထားရဖူးတဲ့ ကွန်ပနီအနေနဲ့ အခု နည်းပြတစ်ဦးအဖြစ် ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် ရောက်လာချိန်မှာ ဘာတွေ လုပ်ပြနိုင်မလဲ နောက်ပြီး ကွန်ပနီရဲ့ ဘန်လေအသင်းဟာလည်း ပြီးခဲ့တဲ့ ရာသီကလိုမျိုး အကောင်းဆုံး ပုံစံတွေ ဆက်ထိန်းထားထားနိုင်ဦးမလား ၊ အခု နွေဈေးကွက်ထဲ အသင်းအတွက် ကစားသမား ဖြည့်တင်းထားမှုတွေကရော တကယ်ပဲ အသင်းကို အကျိုးပြုနိုင်ဦးမလား နောက်ပြီး ဆက်ပြီး တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မလား ဆိုတာတွေကတော့ ဆက်လက် စောင့်ကြည့် အဖြေရှာသွားရပါမယ်။

Featured Photo : The Athletic