မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီကနေ့မှာ အိုးထရက်ဖို့ဒ်ကွင်းထဲ ပြင်သစ် လီဂူးဝမ်းကလပ် လန်းစ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပြီး အဲ့ဒီပွဲစဉ်အတွင်းမှာပဲ သူတို့ရဲ့ ကစားသမားသစ် ရက်စမတ် ဟွိုင်လန်း ကို တရားဝင် ကြေညာသွားခြင်း နဲ့ ပရိသတ်နဲ့ မိတ်ဆက်ပေးခြင်းတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

rasmus hojlund

Photo Credit : Sky Sports

အခု နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန် မောင့် နဲ့ အင်တာမီလန် ဂိုးသမား အန်ဒရေ အိုနာနာတို့ကို ခေါ်ယူထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်း ကိုလည်း အရ ခေါ်ယူနိုင်ခဲ့ပြီး ဆေးစစ်မှုတွေ လက်မှတ်ရေးထိုးမှုတွေလည်း အပြီးသတ်နေပြီ ဖြစ်ပေမယ့် အသင်းဘက်က ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်မှုကိုတော့ ဒီနေ့ည အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကျင်းပမယ့် ခြေစမ်းပွဲမှသာ တစ်ခါတည်း ကြေညာပေးသွားဖို့ ရှိနေပါတယ်။

hojlund man utd

Photo Credit : TEAMtalk

ယူနိုက်တက်အသင်းက အထောင် တိုက်စစ်နေရာအတွက် ဟွိုင်လန်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ တောက်လျှောက် ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ဇူလိုင်(၂၉)ရက်နေ့ကမှ ဟွိုင်လန်းကို ပြောင်းရွှေ့ကြေး ပေါင် (၆၄)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဟွိုင်လန်းကတော့ နဂိုကတည်းက မန်ယူနိုက်တက်အသင်းကို အားပေးသူဖြစ်လို့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိချိန်မှာပဲ သူရဲ့ ဦးစားပေးက ယူနိုက်တက်သာ ဖြစ်လာခဲ့ပါတယ်။ ထွက်ပေါ်ထားတဲ့ သတင်းတချို့မှာလည်း ဟွိုင်လန်း က သူ့ကို ယူနိုက်တက်ဆီ ပို့ဆောင်ပေးနိုင်မယ့် အေးဂျင့်ကို ငှားရမ်းခဲ့ပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ မဖြစ်လာရင် အေးဂျင့် အပြောင်းအလဲ လုပ်မယ်လို့ပါ သတိပေးခဲ့သေးတယ်လို့ သိရပါတယ်။

hojlund

Photo Credit : TEAMtalk

အခုတော့ ဟွိုင်လန်း က သူ အလွန် သဘောကျခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ တရားဝင် မိတ်ဆက်ခံရတော့မှာဖြစ်ပြီး ဒီညပွဲကို ပါဝင်ကစားဖို့ အခြေအနေ နည်းနေရပေမယ့် ယူနိုက်တက်ရဲ့ နောက်ဆုံး ခြေစမ်းပွဲဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ပွဲကိုတော့ ယူနိုက်တက်အသင်းအတွက် ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

Featured Photo : Clutch Points