အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် လိင်မှုကိစ္စက သဘာဝသာဖြစ်ပြီး ကွန်ဒုံးသုံးသင့်တဲ့ အကြောင်းကိုလည်း ယေဘုယျအားဖြင့် နားလည်ထားပြီးသား ဖြစ်မှာပါ။ သို့သော်လည်း ယနေ့ချိန်ထိ လူတော်တော်များများက လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်းက အလွှာခြားနေပြီး ပြည့်ပြည့်ဝဝ သာယာမှုမရရှိနိုင်ဘူးလို့ ထင်တတ်ပါတယ်။ အမှန်တကယ်တော့ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းက တကယ်ကို အန္တရာယ်များပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းက အဓိကအားဖြင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) ကို အသုံးပြုသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွန်ဒုံး တစ်နည်းအားဖြင့် ကွိုင်သုံးရင် ကောင်းကျိုးချည်းပဲ ရှိတာလား၊ ဆိုးကျိုးတွေရောရှိနိုင်လားဆိုတာ လေ့လာကြည့်လိုက်ရအောင်။
ကွိုင်သုံးတဲ့ ကောင်းကျိုးတွေကို အရင်ကြည့်လိုက်ရအောင်။
ကာကွယ်ပေးနိုင်မှု
Photo : Business Insider
ဒါကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကွန်ဒုံးအသုံးပြုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါက သန္ဓေတားဆေးတွေ ကဲ့သို့ ဘေးထွက်ဆိုးကျိုးမရှိဘဲ လုံခြုံသော သန္ဓေတားနည်းတစ်မျိုး လည်းဖြစ်ပါတယ်။ ကွန်ဒုံးများ သက်တမ်းကုန်ဆုံးနေခြင်း၊ ပေါက်ပြဲနေခြင်းမရှိဖို့တော့ သေချာဖို့လိုပါတယ်။ ဒါ့အပြင် HIV၊ ကာလသားရောဂါ စတာတွေအပြင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကိုလည်း အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
ကြာရှည်စွာ ဆက်ဆံနိုင်စေပါတယ်
Photo : Women’s Health
ကွန်ဒုံးအသုံးပြုခြင်းက ကွီးတို့ရဲ့ လိင်ဆက်ဆံမှုကို ကြာရှည်ခံစေပြီး အချိန် ကြာကြာချစ်နိုင်ပါတယ်။ သုတ်လွှတ်မြန်သော အမျိုးသားများ သို့မဟုတ် လိင်တံနဲ့ပတ်သက်တဲ့ ပြဿနာရှိသူများအနေနဲ့ ၎င်းတို့ရဲ့ ဆက်ဆံဖော်အတွက် ကွန်ဒုံးအသုံးပြုခြင်းက လိင်ဆက်ဆံမှုကို ပိုမိုကြာရှည်စေပြီး သာယာကျေနပ်မှုကို ပိုမိုရရှိစေတယ်လို့ ဆိုပါတယ်။
ဈေးသက်သာပြီး ဝယ်ရလွယ်ခြင်း
Photo : YouTube
ကွန်ဒုံးများကို နီးစပ်ရာ ဆေးဆိုင် သို့မဟုတ် မီနီမားကတ်များမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာ ကွီးတို့ရဲ့ သာယာပျော်ရွှင်မှုကို ပံ့ပိုးပေးနိုင်တဲ့ ကွန်ဒုံးအမျိုးအစား များစွာရှိနေတာကြောင့် ကိုယ်နဲ့သင့်တော်တာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အခြားဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကို ကြည့်လိုက်ရအောင်။
Allergies ဖြစ်နိုင်ခြင်း
Photo : hauterffly.com
ကွန်ဒုံးသည် လုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်သော်လည်းပဲ မကြာခဏအသုံးပြုခြင်း ကြောင့်လည်းကောင်း ကွန်ဒုံးအမျိုးအစားကြောင့်လည်းကောင်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ အဖုများပေါက်ခြင်း၊ အရေကြည်ဖုထခြင်းနဲ့ ယားယံခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုး ဓာတ်မတည့်မှု ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူပါ။
စိတ်အားထက်သန်မှု နည်းပါးစေခြင်း
Photo : Talkspace
ကွန်ဒုံးကို အလွန်အကျွံအသုံးပြုခြင်းက အမျိုးသားရော အမျိုးသမီးရော လိင်စိတ်ပါ နိုးကြားမှုကို လျော့ကျစေနိုင်ပါတယ်။ နည်းနည်းထူအောင် ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေက ရင်းနှီးတဲ့အင်္ဂါတွေကြားက အတားအဆီးကဲ့သို့ ဖြစ်စေနိုင်ပြီး လိင်ဆက်ဆံမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ကွီးတို့ရေ ကွိုင်သုံးရင် ကောင်းကျိုးချည်းပဲ ရှိတာတော့ မဟုတ်ပေမယ့် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။ ဒါ့ကြောင့် လုံခြုံစိတ်ချဘေးကင်းသော လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှု ဖြစ်ဖို့အတွက်ဆိုရင်တော့ မဖြစ်မနေ ကွန်ဒုံးကို အသုံးပြုပေးပါ။ ကွန်ဒုံးကို နည်းစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုနည်းကို သိရှိထားသင့်ပါတယ်။ ကွီးတို့ သိရှိထားတဲ့ ကွန်ဒုံးအသုံးပြုခြင်းနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေကိုလည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Source : Morulaivf Indonesia
Featured Photo : Morulaivf