လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်း ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန် က လက်ရှိမှာ ဆော်ဒီလိဂ် ကလပ်အသင်း အယ်လ် အက်တီဖာအသင်းဆီ ရောက်ရှိနေပေမယ့်လည်း အင်္ဂလန် လက်ရွေးစင်အသင်းမှာတော့ ဆက်လက် ရွေးချယ်ခံနေရလိမ့်မယ်လို့ ယုံကြည်နေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
Photo Credit : Liverpool FC
လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ် တစ်ခုအကြာအထိ ပါဝင်ကစားခဲ့ရင်း အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ များစွာ သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ ဟန်ဒါဆန် ဟာ ဒီနှစ် နွေရာသီမှာတော့ စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ် အက်တီဖာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကစားသမားဘဝ တစ်လျှောက်လုံး ပရီးမီးယားလိဂ် နဲ့ အင်္ဂလန်မြေမှာသာ ကျင်လည်ခဲ့ရတဲ့ ဟန်ဒါဆန်က အခုလို မနေ့တစ်နေ့ကမှ နာမည်ရလာတဲ့ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့သွားခြင်းဟာ သူရဲ့လက်ရွေးစင် ကစားသမားဘဝကိုပါ သက်ရောက်မှု ရှိသွားန်ိုင်တယ်လို့ သုံးသပ်မှုတွေ ရှိလာခဲ့ပါတယ်။
Photo Credit : Tembah Football
ဒါပေမယ့် ဒီသုံးသပ်ချက်တွေအပေါ် ဟန်ဒါဆန် က “ကျွန်တော် အယ်လ် အက်တီဖာအသင်းအတွက် အာရုံစိုက်ထားပြီး အကောင်းဆုံး ကစားနေပါတယ်။ ကျွန်တော်သာ ဒီလို လုပ်ဆောင်နေမယ်ဆိုရင် အင်္ဂလန်အသင်းအတွက် မကစားနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီအကြောင်းကို ကျွန်တော်တို့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းလောက်ကတည်းက ပြောဆိုခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်အတွက် ကစားရခြင်းက ကျွန်တော့်အတွက် အဓိပ္ပာယ် အများကြီး ရှိနေသလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းကလို အသင်းအတွက် အများကြီး ယူဆောင်ပေးနိုင်သေးတယ်ဆိုပြီး ခံစားနေမိလို့ပါ။”
Photo Credit : Sporting News
“ဒါကြောင့် ကျွန်တော် လုပ်နိုင်လိမ့်မယ်လို့ ခံစားမိနေတုန်းပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒီမှာ ကျွန်တော် ကိုယ့်အလုပ်ကို လုပ်ရပါမယ်။ ဒီလို လုပ်နိုင်မယ်ဆိုရင်တော့ ပုံမှန်အတိုင်းပဲ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဟန်ဒါဆန် ဂျရတ်တို့ရဲ့ အယ်လ် အက်တီဖာအသင်းက ရော်နယ်လ်ဒို မာနေးတို့ရဲ့ အယ်လ် နာဆာအသင်းနဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီသစ်ရဲ့ ဆော်ဒီ ပရိုလိဂ် အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်သွားကြရမှာပဲ ဖြစ်ပါတယ်။
Featured Photo : Marca