မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြကြီး ပက်ပ် ဂွာဒီယိုလာ ကတော့ မန်စီးတီးအသင်းအတွက် ဥရောပ စူပါဖလားကို ပထမဆုံးအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့ပါပြီ။ အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလား ၊ ပထမဆုံး Treble Champions ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂွာဒီယိုလာက အခုလည်း စီးတီးတို့ တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ဖလားတစ်လုံးကို ပထမဆုံး ဆင်နွဲရတဲ့ ပြိုင်ပွဲမှာပဲ အရ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။
Photo Credit : Sporting News
ဘိုင်ယန်မြူးနစ်နဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း မန်စီးတီးအသင်းနဲ့ လက်တွဲခဲ့တဲ့ ဂွာဒီယိုလာ ဟာ (၇)နှစ်တာ ကာလအတွင်းမှာပဲ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဖလား (၅)ကြိမ် ချန်ပီယံလိဂ် (၁)ကြိမ် အက်ဖ်အေဖလား (၂)ကြိမ် လိဂ်ဖလား (၄)ကြိမ် ဥရောပ စူပါဖလား (၁)ကြိမ် ကွန်မြူနတီဒိုင်း (၂)ကြိမ် စုစုပေါင်း ဆုဖလား (၁၅)ခု ရယူထားနိုင်တာကြောင့် ပွဲအရေအတွက် နဲ့ ဆုဖလား အရေအတွက်ကို အချိုးချကြည့်မယ်ဆိုရင် ဂွာဒီယိုလာက မန်စီးတီးအတွက် (၂၇)ပွဲ ကစားတိုင်း ဖလား (၁)လုံး ရယူပေးနေသလိုတောင် ဖြစ်နေရပါတယ်။
Photo Credit : Premier League
ဒါ့အပြင် ဂွာဒီယိုလာဟာ ဒီ ဥရောပ စူပါဖလားနဲ့လည်း ရင်းရင်းနှီးနှီးကို ရှိနေပါသေးတယ်။ အသင်းဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ်တို့မှာ နည်းပြတွေအဖြစ် ဆောင်ရွှက်နေတုန်း ဒီဖလားကို ရယူနိုင်ခဲ့လို့ မတူညီတဲ့ ကလပ်အသင်း (၃)သင်းနဲ့ ဥရောပ စူပါဖလားကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြအဖြစ်နဲ့ပါ မှတ်တမ်းဝင်သွားပါသေးတယ်။ ဒါတောင် ဂွာဒီယိုလာ က သူရဲ့ ပထမဆုံးကလပ် ဘာစီလိုနာအတွက် ဒီစူပါဖလားကို (၂)ကြိမ်တောင် ရယူပေးခဲ့ပါသေးတယ်။
Photo Credit : Sky Sports
နည်းပြကြီး ဂွာဒီယိုလာ က နည်းပြဘဝတစ်လျှောက် ဆုဖလား စုစုပေါင်း (၃၆)လုံးအထိကို ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြတွေထဲမှာ ဆုဖလား အများဆုံး ပိုင်ဆိုင်နိုင်တဲ့ နည်းပြစာရင်းရဲ့ ဒုတိယနေရာထိပါ ရောက်ရှိသွားခဲ့ပါတယ်။ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတဲ့ နည်းပြကြီးကတော့ မန်ယူနိုက်တက်အသင်းရဲ့ ဂုရုကြီး ဆာ အဲလက်စ် ဖာဂူဆန်ဖြစ်ပြီး စုစုပေါင်း ဆုဖလား (၄၉)လုံးကို ဆွတ်ခူးထားခဲ့ပါတယ်။
Featured Photo :