ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီ ဘောလုံးကမ္ဘာဆီ ခေါ်ဆောင်နိုင်ခဲ့တဲ့ အယ်လ် နာဆာ။ ဆာဒီယို မာနေး နဲ့ မာဆယ်လို ဘရိုဇိုဗစ်တို့ကို ထပ်မံ ခေါ်ယူနိုင်ခဲ့ပြီး အာရပ် ကလပ် ချန်ပီယံရှစ် ဖလားပါ ဆွတ်ခူးထားတဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် နာဆာအသင်းကတော့ ဒီရက်ပိုင်းအတွင်း ဈေးကွက်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ခြေလှမ်းတွေ ပြန်သွက်လာခဲ့ပါတယ်။

al nassr new players

Photo Credit : Youtube

ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းက မာနေးကို ခေါ်ယူပြီးနောက်ပိုင်းမှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူခြင်း မရှိတော့ပဲ သြဂုတ်လ တတိယပတ်လောက်မှ ကစားသမားသစ် (၂)ဦးနဲ့ သတင်းတွေ ပြန်ထွက်လာခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ မန်စီးတီးအသင်းရဲ့ စပိန် နောက်ခံလူ လာပေါ့တ် နဲ့ ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ် တိုက်စစ် ကစားသမား အိုတာဗီယိုတို့ပဲ ဖြစ်ပါတယ်။ ဒီကစားသမားတွေနဲ့ အယ်လ် နာဆာအသင်းက Here we go ပါ ဖြစ်ထားခဲ့ပြီမို့ မကြာခင်မှာပဲ အယ်လ် နာဆာ ကစားသမားတွေအဖြစ် မြင်တွေ့ရပါတော့မယ်။

laporte otavio al nassr

Photo Credit : Twitter

အယ်လ် နာဆာက ဒီရာသီမှာ ကစားသမား ဖြည့်တင်းမှုတွေ ရှယ် လုပ်ဆောင်ထားတဲ့ အယ်လ် ဟီလာကို အနိုင်ယူပြီး အာရပ် ကလပ် ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်ထားခဲ့ပေမယ့် ဆော်ဒီ ပရိုလိဂ် အမှတ်ပေးပွဲမှာတော့ အဖွင့်ပွဲ (၂)ပွဲဆက်တိုက်အထိ ရှုံးပွဲ ကြုံတွေ့ထားတာက အသင်းအတွက် စိုးရိမ်စရာ ဖြစ်နေရပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒို မာနေး ဘရိုဇိုဗစ် ဖိုဖာနာ တဲလက်စ် တာလီစကာတို့ ရှိနေတဲ့ အစုအဖွဲ့ထဲ လာပေါ့တ် နဲ့ အိုတာဗီယိုတို့ပါ ထပ်မံ ပေါင်းစပ်နိုင်လိုက်တာက အယ်လ် နာဆာအတွက် ပိုပြီး အားကောင်းလာစေနိုင်မှာ သေချာနေပါတယ်။

al nassr

Photo Credit : Goal

အယ်လ် နာဆာက စပိန် လက်ရွေးစင် နောက်ခံလူ လာပေါ့တ်အတွက် မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)အထိ အသုံးပြုခဲ့ပြီး လာပေါ့တ်ကို တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း(၂၀)အထိ ပေးချေသွားမှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် တိုက်စစ် နဲ့ တောင်ပံ တိုက်စစ် ကစားသမား အိုတာဗီယိုအတွက်ကိုတော့ ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့ရာ ပေါ်တိုကရော ကစားသမားဘက်ကပါ သဘောတူ လက်ခံသွားခဲ့ပါတယ်။

Featured Photo : Goal