အင်တာ မိုင်ယာမီ အသင်းကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ကယ်တင်ပေးမှုတွေနဲ့ US Open Cup ရှုံးထွက်ပြိုင်ပွဲမှာပါ ဖိုင်နယ်အဆင့်ထိ ထပ်မံ တက်လှမ်းသွားခဲ့ရနိုင်ပြီ ဖြစ်ပြီး ရက်သတ္တပတ်အတွင်းမှာပဲ နောက်ထပ် ဆုဖလားတစ်လုံးကို ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းသွားရပြီပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
မက်ဆီ ရောက်လာပြီးမှ နေ့ချင်းညချင်း အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ အင်တာ မိုင်ယာမီ အသင်းဟာ အသင်း သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရဖူးသေးတဲ့ ဆုဖလားကို ပိုင်ဆိုင်ခဲ့ရပြီးနောက် အခုလည်း နောက်ထပ် ဆုဖလားတစ်ခုကိုပါ ထပ်မံ မျှော်လင့်လာနိုင်ပြီပဲ ဖြစ်ပါတယ်။ မက်ဆီ ဘူးစကွက်တို့ မရောက်လာခင်တုန်းက နိုင်ပွဲတွေ ပျောက်ဆုံးနေရတဲ့ မိုင်ယာမီက အခုဆိုရင် အနေအထားတွေ ပြောင်းလဲလာပြီး ဆုဖလားတိုင်း စိတ်ကူးလို့ ရနိုင်တဲ့ အခြေအနေမျိုးထိ ရောက်ရှိသွားခဲ့ရပါတယ်။
Photo Credit : Twitter
ပူပူနွေးနွေး လိဂ်ဖလား ချန်ပီယံ ဖြစ်ထားခဲ့တဲ့ မိုင်ယာမီအသင်းဟာ ဒီနေ့ မနက်အစောပိုင်းမှာပဲ စင်စင်နတီအသင်းနဲ့ US Open Cup ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရရင်း ပြိုင်ဘက်အသင်းရဲ့ (၂)ဂိုးပြတ် ဦးဆောင်မှုနောက်က လိုက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် မိုင်ယာမီ မှာ ကယ်တင်ရှင် မက်ဆီ ရှိနေတာကြောင့် ဒီတစ်ခါ မက်ဆီက ဂိုးမသွင်းနိုင်ပေမယ့် သူ့အသင်း လိုအပ်နေတဲ့ သွင်းဂိုးတွေအတွက် အကောင်းဆုံး ဂိုးဖန်တီးမှု (၂)ကြိမ်ကို လုပ်ဆောင်ပေးရင်း (၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။
Photo Credit : Twitter
မိနစ် (၉၀)အတွင်း (၂)ဂိုးစီ သရေ ဖြစ်နေလို့ အချိန်ပို ဆက်ကစားခဲ့ရာမှာလည်း တစ်ဖက် တစ်ဂိုးစီ ထပ်သွင်းသေးတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာဖို့ အကြောင်းဖန်လာပြီး ပင်နယ်တီ ကန်သွင်းရမှာတော့ မက်ဆီတို့ မိုင်ယာမီအသင်းက တစ်လုံးမှ မလွဲအောင် ကန်သွင်းနိုင်ခဲ့ကာ စင်စင်နတီဘက်ကတော့ (၅)လုံးမြောက် ပင်နယ်တီကို လွဲချော်ရင်း အဆုံးသတ်မှာ မိုင်ယာမီပဲ ဖိုင်နယ် တက်လှမ်းသွားခဲ့ရပါတယ်။ ဒီပွဲမှာ မက်ဆီရဲ့ ဒုတိယမြောက် ဂိုးဖန်တီးမှုကတော့ တကယ်ကို ရင်သပ်ရှုမောစရာ ဖြစ်ခဲ့ရပြီး ဒီဖန်တီးမှုကြောင့်ပဲ မိုင်ယာမီ က အချိန်ပို နဲ့ ပင်နယ်တီထိ ဆက်ကစားခွင့်ရခဲ့တာလို့ ယူဆနိုင်ပါတယ်။
Featured Photo : Twitter