လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အသက်ရှည်ကျန်းမာဖို့ မဖြစ်မနေ လိုအပ်တဲ့ နေ့စဉ် လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ လူတော်တော်များများက လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းကနေ ကောင်းကျိုးများတယ်ဆိုတာ သိသော်လည်းပဲ လုပ်ဖို့အတွက် စိတ်အားတတ်ကြွမှု မရှိတာ၊ လှုံ့ဆော်မှုမရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ချစ်သူနဲ့အတူ လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးပါရစေ။ စုံတွဲတွေ အတူတကွ လေ့ကျင့်ခန်းတွေ လုပ်ခြင်းက အချင်းချင်း လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်း လှုံ့ဆော်ပေးနိုင်ရုံသာမက၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေလည်း တိုးလာနိုင်ပါတယ်။ ဒီနေ့မှာတော့ အချစ်နဲ့ အတူ Workout လုပ်ချင်တဲ့ ညိုကီတို့အတွက် လေ့ကျင့်ခန်းတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁) Couple Hand Plank
Photo : Fit Blog
ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့အနေနဲ့ အရင်ဆုံး ဘေးချင်းယှဉ်လျက် Plank အနေအထား ဖြစ်ပါစေ။ ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း တစ်ယောက် ပခုံးပေါ်တစ်ယောက် လက်ကို ခိုင်မြဲစွာ ကိုင်ထားပါ။ ထိုကဲ့သို့ စက္ကန့် ၃၀ ကြာ ထိန်းထားပါ။ ကွီးတို့ ခံနိုင်ရည်အားမူတည်ပြီး ကြာချိန်ကို တိုးသွားနိုင်ပါတယ်။ ပြီးလျှင် နေရာချင်း လှဲလှယ်ပြီး နောက်တစ်ကျော့ ဆက်လုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း (၂) Russian Twist 360
Photo : Fit Blog
ဒီလေ့ကျင့်ခန်းကို ပြုလုပ်မယ်ဆိုရင် အရင်ဆုံး ပုံတွင်ပြထားသည့်အတိုင်း ကွီးတို့ ချစ်သူလေးနဲ့ ကျောချင်းကပ် အနေအထားအတိုင်း ထိုင်ပါ။ ဒူးတွေကို ကွေးပြီး မြေပြင်မှ အနည်းငယ် မြှောက်ထားပါ။ ထို့နောက် တစ်ဖက်လူက အလေးပြား ကို ပုံတွင်ပြထားသည့်အတိုင်း ဘေးစောင်းပြီး ပေးလိုက်ပါ။ အလေးပြား လက်ခံရရှိသူ အနေဖြင့် အခြားတစ်ဖက်ကို လှည့်ကာ ကိုယ့်ရဲ့ အဖော်ကို ပြန်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းမှာ အလေးပြားအစား Kettlebell၊ သို့မဟုတ် Dumbbell အလေးတို့ကို အသုံးပြုနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အဆီတွေကို အထူးလောင်ကျွမ်းစေတာကြောင့် ဗိုက်အဆီကျချင်ရင်တော့ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
လေ့ကျင့်ခန်း (၃) Couple Squat
Photo : Fit Blog
Squat လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုအတွက် လုံးဝကို ထိရောက်သော လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ ကြွက်သားအုပ်စုတွေကိုလည်း ထိရောက်စေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ကျောချင်းကပ်ပြီး မတ်တပ်ရပ်လိုက်ပါ။ ပြီးလျှင် လက်များကို ပုံမှာ ပြထားတဲ့အတိုင်း အချင်းချင်းချိတ်တွယ်တဲ့ အနေအထားဖြစ်ပါစေ။ ထို့နောက် နှစ်ယောက်သား တစ်ပြိုက်နက်တည်း ဒူးများကို ကွေးလိုက်ပါ။ ဒူးနှင့် ခြေထောက်များက ၉၀ ဒီဂရီ ထောင့်ပုံစံဖြစ်လာသည်အထိ တင်ပါးကို နှိမ့်ချလိုက်ပါ။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်မတ်ပြီး စတင်သည့် အနေအထားသို့ ပြန်သွားပါ။
လေ့ကျင့်ခန်း (၄) Front Squat
Photo : Fit Blog
ဒီလေ့ကျင့်ခန်းကလည်း Squat လေ့ကျင့်ခန်း ပုံစံကွဲတစ်ခုပါ။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့ ချစ်သူနဲ့ မျက်နှာချင်းဆိုင် အနေအထား ရပ်ပါ။ ပြီးလျှင် ပုံမှာ ပြထားသည့်အတိုင်း တစ်ယောက်က ညာလက်ဖြင့် နောက်တစ်ရက်က ဘယ်လက်ဖြင့် ဆုပ်ကိုင်ပါ။ ထို့နောက် နှစ်ယောက်သား တစ်ပြိုက်နက်တည်း ဒူးများကို ကွေးလိုက်ပါ။ ဒူးနှင့် ခြေထောက်များက ၉၀ ဒီဂရီ ထောင့်ပုံစံဖြစ်လာသည်အထိ တင်ပါးကို နှိမ့်ချလိုက်ပါ။ ပြီးလျှင် ပြန်ဖြည်းဖြည်းချင်း ပြန်မတ်ပါ။
အချစ်နဲ့ Workout လုပ်ချင်တဲ့ ညိုကီတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း အချို့ကိုဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ စုံတွဲလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများ များစွာရှိသေးတာကြောင့် ဖော်ပြပေးပါဦးမယ်။
Source : Fit Blog
Featured Photo : Live Strong