အဲဗာတန်အသင်းက ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့် (၃)ပွဲအတွင်းမှာ အသင်းက နိုင်ပွဲလည်း မတွေ့ တစ်မှတ်မှလည်း မရထားသေးသလို တိုက်စစ်ကလည်း တစ်ဂိုးမှကို မသွင်းယူထားနိုင်တဲ့အထိ အခြေအနေ တော်တော် ဆိုးရွှားနေရပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း တန်းမဆင်းရအောင် နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ခဲ့ရသေးတဲ့ အဲဗာတန်ဟာ ရာသီသစ်မှာလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံတွေ့လာခဲ့ရာ အခုတော့ တိုက်စစ် ပြသာနာကို ဖြေရှင်းပေးနိုင်မယ့် ကစားသမားတစ်ဦးကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
Photo Credit : Le Matin
ဒီကစားသမားက အသက် (၂၅)နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူး ဘက်တိုပါ။ ဘက်တိုက ပရီးမီးယားလိဂ်လို ဘောလုံး ပရိသတ်ထုရဲ့ အားပေးမှု အမြင့်ဆုံး လိဂ်ကြီးဆီ မရောက်ရှိခင်က စီးရီးအေကလပ် အူဒီးနီးစ်အသင်းမှာ ကစားသမားဘဝကို (၂)ရာသီ ကျင်လည်ခဲ့ဖူးသလို KFC ကြက်ကြော်ဆိုင်မှာပါ ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ဖူးပါသေးတယ်။ ဒီကစားသမားအတွက် အဲဗာတန်က ပြောင်းရွှေ့ကြေး ပေါင် (၂၅)သန်း ယူရို သန်း(၃၀)အထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတာဖြစ်ကာ ဘက်တိုအနေနဲ့ သူရဲ့ ကစားသမားဘဝကို ဘယ်လို ဖြတ်သန်းခဲ့လဲဆိုတာ တင်ဆက်ပေးသွားချင်ပါတယ်။
Photo Credit : Goal
လစ္စဘွန်းမှာ မွေးဖွားခဲ့ပြီး ပေါ်တူဂီကလပ် União Tires အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဘက်တိုဟာ Tires အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေရစဉ်အတွင်းမှာပဲ ပေါ်တူဂီမှာ ဖွင့်ထားတဲ့ KFC ကြက်ကြော်ဆိုင်တစ်ခုမှာပါ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဘောလုံးသမားအဖြစ်ရော ကြက်ကြော်ဆိုင်ရဲ့ ဝန်ထမ်းအဖြစ်နဲ့ပါ လုပ်ကိုင်နေရင်း နောက်ဆုံး သူ ဝါသနာပါရ ဘောလုံးသမားဘဝကိုပဲ ရွေးချယ်ခဲ့တဲ့ ဘက်တိုဟာ ၂၀၂၁ခုနှစ်မှာပဲ အူဒီးနီးစ်ဆီ ရောက်ရှိပြီး စီးရီးအေလို ဘောလုံးပြိုင်ပွဲကြီးမှာ စတင် ကျင်လည်ခွင့် ရခဲ့သလို အခုဆိုရင်လည်း အဲဗာတန်နဲ့အတူ ပရီးမီးယားလိဂ်ဆိုတဲ့ လိဂ်ကြီးတစ်ခုမှာ ဖြတ်သန်းရပါတော့မယ်။
Photo Credit : Mundo Deportivo
စီနီယာ ဘောလုံးသမားဘဝအတွင်း (၁၄၇)ပွဲကစား (၅၆)ဂိုး သွင်းယူပြီး အူဒီးနီးစ်အတွက်လည်း (၂)ရာသီထဲ (၂၂)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဘက်တိုအနေနဲ့ တိုက်စစ် ကြောင်ပျောက်နေတဲ့ အဲဗာတန်အသင်းရဲ့ သွင်းဂိုးတာဝန်တွေကို ဘယ်လောက်အထိ ထမ်းဆောင်ပေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားချင်စရာပါ။ ဒါ့အပြင် ဘက်တိုအနေနဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာပါ ပါဝင်ကစားဖို့အတွက် ရွေးချယ်ခံလာရဦးမလား ဆိုတာကလည်း နောက်ထပ် စောင့်ကြည့်သွားရမယ့် အချက်ပါပဲ။
Featured Photo : The Sun