မနေ့ညကပဲ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုတွေကို ပြုလုပ်သွားခဲ့ရာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အုပ်စုတွေကို မြင်ခဲ့ရသလို ဒီအုပ်စုတွေထဲကမှ ပီအက်စ်ဂျီအသင်း ၊ ဒေါ့မွန်အသင်း ၊ အေစီမီလန်အသင်း နဲ့ နယူးကာဆယ်အသင်းတို့ ပါဝင်နေတဲ့ အုပ်စု (F) က မရဏအုပ်စု Group of Death ဖြစ်နေရပါတယ်။
Photo Credit : Marca
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်အတွက် မဲခွဲမှုတွေအပြီးမှာ လက်ရှိ ချန်ပီယံ မန်စီးတီး ၊ ဘာစီလိုနာ နဲ့ အာဆင်နယ်အသင်းတို့ကပဲ အုပ်စုချောင်တယ်လို့ ယူဆနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဖိုင်နယ်ထိ တက်လှမ်းခဲ့တဲ့ အင်တာက ဘင်ဖီကာ ဆာလ်ဇ်ဘာ့ဂ် ဆိုစီဒက်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အင်တာလည်း အုပ်စု မဆိုသလောက် ချောင်တယ်လို့ ယူဆနိုင်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဘိုင်ယန် မန်ယူနိုက်တက် ဂါလာတာစာရေးတို့ရဲ့ အုပ်စု (A) ရီးယဲလ် နာပိုလီ ယူနီယံဘာလင်တို့ရဲ့ အုပ်စု (C) နဲ့ ပီအက်စ်ဂျီ ဒေါ့မွန် မီလန် နယူးကာဆယ်တို့ရဲ့ အုပ်စု (F) တို့ပါပဲ။
Photo Credit : AC Milan
ဒီ အုပ်စု (F)မှာ ပီအက်စ်ဂျီအသင်းကပဲ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်တယ်လို့ ပြောလို့ရပေမယ့်လည်း သူတို့တွေ ရင်ဆိုင်ရမယ့် အသင်းတွေက ပြိုင်ဘက်ကောင်းတွေ ဖြစ်နေလို့ ပီအက်စ်ဂျီအတွက် အုပ်စုအဆင့်မှာ ကတည်းက ခက်ခက်ခဲခဲ ယှဥ်ပြိုင်သွားရနိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ပီအက်စ်ဂျီနဲ့အတူ ဘယ်အသင်းက နောက်တစ်ဆင့်ကို တက်ပြီး ဘယ်အသင်းက အဆင့် (၃)နဲ့ ယူရိုပါလိဂ်ဆီ ဆင်းသွားရမလဲ ဘယ်အသင်းကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်သွားရမလဲဆိုတာတွေပေါ့။
Photo Credit : Youtube
ယေဘုယျအနေနဲ့ တွက်ကြည့်မယ်ဆိုရင် ပီအက်စ်ဂျီအသင်းသာ အုပ်စုကနေ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ အကောင်းဆုံးဖြစ်နိုင်ပြီး ကျန်တဲ့ တစ်နေရာစာအတွက်ကိုသာ မီလန် ဒေါ့မွန် နဲ့ နယူးကာဆယ်တို့ အပြိုင်လုရနိုင်ပါတယ်။ ဒီ (၃)သင်းထဲမှာ ဘယ်အသင်းက အသာရသွားနိုင်မလဲဆိုတာကလည်း တကယ်ကို စဥ်းစားရ ခက်နိုင်ပါတယ်။ ဖြစ်ချင်တော့ ဒီအုပ်စုမှာ ဒေါ့မွန်က လွဲပြီး ကျန်တဲ့ (၃)သင်းလုံးက ဒီနွေစျေးကွက်အတွင်း အားရစရာကောင်းတဲ့ ကစားသမား ဖြည့်တင်းမှုတွေကိုလည်း လုပ်ဆောင်ထားကြတာမို့ လုံးဝ စိတ်လှုပ်ရှားစရာ ဖြစ်နေမှာ သေချာပါတယ်။
Featured Photo : B/R Football