ဘရိုက်တန် နဲ့ နယူးကာဆယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် ဘရိုက်တန်က ခံစစ်ကောင်းလှပါတယ်ဆိုတဲ့ နယူးကာဆယ်ကို (3-1) နဲ့ အနိုင်ရခဲ့တယ်။ အဲ့ဒီပွဲစဉ်အတွင်း ဘရိုက်တန်အတွက် သွင်းဂိုး (၃)ဂိုးလုံးကို အီဗန် ဖာဂူဆန်ဆိုတဲ့ အိုင်းရစ် ချာတိတ်လေး တစ်ဦးတည်းကပဲ ဟက်ထရစ် သွင်းယူနိုင်ခဲ့တယ်။ ဒီလို ဟက်ထရစ် သွင်းယူခဲ့တဲ့ ဖာဂူဆန်ဟာ အသက် (၁၈)နှစ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်လေးတစ်ဦးသာ ရှိနေပါသေးတယ်။

ferguson

Photo Credit : United in Focus

အီဗန် ဖာဂူဆန်ဟာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ အခြေစိုက် Bohemians ကလပ်အသင်းရဲ့ လူငယ် အကယ်ဒမီမှာ ပါဝင် ကစားရင်း ၂၀၁၉ခုနှစ်မှာပဲ Bohemians အသင်းနဲ့ စီနီယာ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။ အသက် (၁၅)နှစ်သားအရွယ်နဲ့တင် စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့တဲ့ ကစားသမားလေး ဖာဂူဆန်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ ဘရိုက်တန်က လူငယ် အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။

ferguson ireland

Photo Credit : The Sun

ဒီလို ဘရိုက်တန် လူငယ်အသင်းအတွက် ကစားပေးနေရင်း ဖာဂူဆန်ဟာ ဘရိုက်တန် စီနီယာအသင်းအတွက်ကိုလည်း ကစားပေးခွင့် ရရှိခဲ့ပါတော့တယ်။ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပြီးခဲ့တဲ့ ရာသီမှာ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် (၁၉)ပွဲနဲ့ ပြိုင်ပွဲစုံ (၂၅)ပွဲအထိ ကစားခဲ့ရရင်း ပရီးမီးယားလိဂ်မှာ (၆)ဂိုး သွင်းယူခဲ့သလို ပြိုင်ပွဲစုံ စုစုပေါင်း (၁၀)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကြောင့် ၂၀၂၂-၂၃ ဘောလုံးရာသီ ဘရိုက်တန်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ပိုင်ဆိုင်ခဲ့သလို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိလာခဲ့ပါတော့တယ်။

ferguson brighton

Photo Credit : Sky Sports

ဒီရာသီထဲမှာလည်း အိုင်ယာလန် ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဖာဂူဆန်က ဘရိုက်တန်အတွက် (၄)ပွဲ ကစားထားပြီးချိန် နယူးကာဆယ်နဲ့ပွဲက သွင်းယူထားတဲ့ ဟက်ထရစ် အပါအဝင် သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးက (၄)ဂိုး ရှိလာခဲ့ပါတယ်။ မနှစ်က ပရီးမီးယားလိဂ်ဂိုး (၆)ဂိုးသာ သွင်းထားနိုင်တဲ့ ဖာဂူဆန်ဟာ ခုဆို (၄)ပွဲကစား (၄)ဂိုးတောင် သွင်းထားနိုင်တာကြောင့် ဖာဂူဆန်ရဲ့ တိုးတက်လာတဲ့ အခြေအနေတွေဟာ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပြီး အခုဆိုရင် ဖာဂူဆန်ကို အိုင်းရစ် ဟာရီကိန်း ဒါမှမဟုတ် ရော်ဘီကိန်း လက်သစ်လို့ပါ တင်စား ခေါ်ဆိုနေကြပါတယ်။

Featured Photo : Goal