လာမိုင်း ယာမဲလ်ဆိုတဲ့ အသက် (၁၆)နှစ်အရွယ် ဆယ်ကျော်သက် ဘောလုံးသမားလေး။ မော်ရိုကိုနိုင်ငံသား ဖခင် နဲ့ အီကွေတိုရီရယ် ဂီနီနိုင်ငံသူ မိခင်တို့ကနေ မွေးဖွားလာခဲ့ပြီး ဘာစီလိုနာရဲ့ နာမည်ကျော် ဘောလုံး အကယ်ဒမီ လာမာစီယာမှာ ဘောလုံးပညာတွေ သင်ကြားခဲ့ရသူ။ အခုတော့ ဒီ (၁၆)နှစ်သားလေးက စပိန် လက်ရွေးစင်အသင်းအတွက်ပါ စတင် ပါဝင် ကစားပေးရင်းနဲ့ ပွဲဦးထွက်မှာတောင် ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

yamal barca

Photo Credit : FC Barcelona

အသက် (၇)နှစ်သားအရွယ်ကတည်းက လာမာစီယာ အကယ်ဒမီကို ရောက်ရှိနေခဲ့တဲ့ ယာမဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက ဘာစီလိုုနာ စီနီယာ အသင်းကြီးအတွက် မိနစ် အနည်းငယ်လေး ပါဝင်ခွင့် ရခဲ့ပါသေးတယ်။ ဒီရာသီမှာတော့ ယာမဲလ်က ဘာစီလိုနာအသင်းအတွက် ကစားခွင့်တွေ ပိုမို ရရှိလာခဲ့ပြီး နည်းပြဇာဗီကလည်း ယာမဲလ်က အသင်းရဲ့ တောင်ပံ တိုက်စစ်နေရာတွေမှာ နေရာပိုပေးလာခဲ့ပါတယ်။ ယာမဲလ်လေးကလည်း သူရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဗီလာရီးယဲလ်နဲ့ပွဲမှာ (၂)ဂိုး ဖန်တီးရင်း အဲ့ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ပါသေးတယ်။

lamine yamal barca

Photo Credit : SPORT

ဒီလို အရွယ်နဲ့မလိုက်အောင် စွမ်းဆောင်မှုတွေကြောင့် စပိန် လက်ရွေးစင် အသင်းနည်းပြ လူးဝစ် ဒီလာ ဖွမ်တီက ယာမဲလ်ကို ဒီတစ်ပတ် နိုင်ငံတကာ ရက်သတ္တပတ် စပိန်အသင်းအတွက် ရွေးချယ်ခဲ့ပြီး ယာမဲလ်ကလည်း ဂျော်ဂျီယာနဲ့ ခြေစစ်ပွဲရဲ့ ပထမပိုင်း ပြီးခါနီးမှာ ပါဝင်လာရင်း အသင်းအတွက် (၇)ဂိုးမြောက် သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

spain youth stars

Photo Credit : Barca Blaugranes

ဒီပွဲမှာ ယာမဲလ်က သူရဲ့ ဘာစီလိုနာ နဲ့ စပိန်အသင်းဖော် စီနီယာ ကစားသမား ဂါဗီ တင်ရှိထားတဲ့ စပိန်အသင်းအတွက် ပွဲထွက် ကစားပေးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းကို ရိုက်ချိုးနိုင်ခဲ့ပြီး စံချိန်သစ် စိုက်ထူနိုင်ခဲ့တဲ့အပြင် သွင်းဂိုးတစ်ဂိုးပါ သွင်းယူလိုက်နိုင်တဲ့အတွက်ကြောင့်လည်း စပိန်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသော ကစားသမားဆိုတဲ့ စံချိန် နောက်တစ်ခုကိုပါ တစ်ပွဲတည်းမှာပဲ ရရှိသွားခဲ့ပါတယ်။ ဒါ့ကြောင့် ယာမဲလ်က ပတ်ဒရီ ဂါဗီတို့အပြီး ဘာစီလိုနာ နဲ့ စပိန်တို့အတွက် အကောင်းဆုံး တောက်ပလာနိုင်မယ့် ကြယ်ပွင့်တစ်ပွင့် ဖြစ်လာမှာ သေချာနေပါတယ်။

Featured Photo : SPORT