လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေ အမျိုးအစားသည် မတူညီတတ်ကြပါဘူး။ အချို့က အဆီပြန်တဲ့ အသားအရေကို ပိုင်ဆိုင်တတ်ကြပြီး အချို့ကတော့ ခြောက်သွေ့တဲ့ အသားအရေ၊ အချို့က ဘာလိမ်းလိမ်း ဘာနဲ့မှ မတည့်တဲ့ Sensitive အသားအရေမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အသားအရေ အမျိုးအစားသည် ကွဲပြားသွားတတ်ပြီး တကယ်လို့ ကွီးတို့ရဲ့ အသားအရေက အဆီပြန် နေတယ်ဆိုရင်တော့ ဒီ အချက် တွေထဲက တစ်ချက်ချက်ကြောင့်ပဲဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကြောင့်
  • ရာသီဥတု အပြောင်းအလဲကြောင့်
  • မျိုးရိုးဗီဇကြောင့်
  • ဟော်မုန်း အပြောင်းအလဲကြောင့်
  • ချွေးပေါက်များ ကျယ်လာသောကြောင့်
  • ကိုယ်နဲ့ မတည့်တဲ့ Skincare ထုတ်ကုန်များကို အသုံးပြုမိလို့
  • Moisturizer မလိမ်းလို့

ကွီးတို့ အသားအရေ အဆီပြန် အောင် တွန်းပို့နေတဲ့ တရားခံတွေက ဘယ် အချက် တွေလဲဆိုတာကို ကွီးတို့ သိပါသလား။

အဆီပြန်ခြင်းကို သက်သာပျောက်ကင်းသွားစေချင်ပါသလား။

ဒါဆိုရင်တော့ အခုဖော်ပြမယ့် ဆောင်ရန် ရှောင်ရန်အချက်များကို လိုက်နာရမှာပဲဖြစ်ပါတယ်။ ဒီအချက်များက အရေပြား ဆရာဝန်များ ညွှန်ကြားထားတဲ့အချက်တွေပဲဖြစ်ပါတယ်။

မျက်နှာသစ်ပါ

man face care

ကွီးတို့သည် တစ်နေ့လျှင် ဘယ်နှကြိမ်လောက် မျက်နှာသစ်ပါသလဲ။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မျက်နှာသစ်ခြင်းကို သေချာဂရုစိုက်မှသာလျှင် အဆီပြန်ခြင်းကို တဖြည်းဖြည်း လျော့ချနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် မနက် တစ်ကြိမ်၊ ည တစ်ကြိမ် မမေ့မလျော့ မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ အားကစား လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက်မှာလည်း ချွေးတွေ ထွက်လာပြီး အညစ်အကြေးများ ကပ်ငြိနေတာဖြစ်တဲ့အတွက်ကြောင့် အားကစား လုပ်ပြီးတဲ့အခါ၊ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက်မှာလည်း မျက်နှာသစ်သင့်ပါတယ်။

အဆီမပါတဲ့ ထုတ်ကုန်ပစ္စည်းများသာ အသုံးပြုပါ

man face care

Skincare ထုတ်ကုန်ပစ္စည်းများ ရွေးချယ်တဲ့အခါမှာ Oil Free ဆိုပြီး ရေးထားတဲ့ ထုတ်ကုန်ပစ္စည်းများကိုသာ အသုံးပြုသင့်ပါတယ်။ ဒါမှသာလျှင် ချွေးပေါက်တွေ ပိတ်မနေဘဲ ဝက်ခြံလည်း မပေါက်မှာဖြစ်ပါတယ်။ မျက်နှာသစ်ဆေးအစ၊ Serum အလယ်၊ Moisturizer အဆုံး၊ နေလောင်ကာခရင်မ်များပါမကျန် အဆီပြန်သူများအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ပစ္စည်းများကိုသာ ရွေးချယ်သင့်ပါတယ်။

မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါ

အဆီပြန် အချက်

မျက်နှာသစ်ဆေးများ ရွေးချယ်တဲ့အခါ Gentle ဖြစ်ပြီး အမြှုပ်များများ ထွက်မယ့် Foaming Face Wash မျိုးကို ရွေးချယ်သင့်ပါတယ်။ လူတော်တော်များများက အဆီပြန်ခြင်းကို ထိန်းချုပ်ဖို့အတွက်နဲ့ မျက်နှာပေါ်က အဆီပြန်ခြင်းကို ဖယ်ရှားဖို့အတွက်ဆိုပြီး မျက်နှာသစ်ဆေး အပြင်းစားကြီးတွေကို အသုံးပြုကြပါတယ်။ တကယ်တော့ ဒါက လွဲမှားနေတဲ့ အယူအဆ အမှားတစ်ခုပဲဖြစ်ပါတယ်။ မျက်နှာသစ်ဆေး အပြင်းစားကြီးတွေ အသုံးပြုမိတဲ့အခါ အသားအရေက ပိုမိုယားယံလာပြီး အဆီပို ပြန်လာပါလိမ့်မယ်။ မယုံရင် စမ်းကြည့်လိုက်ပါ။ ဒါ့အပြင် အယ်လ်ကိုဟော ပါတဲ့ မျက်နှာသစ်ဆေးများကိုလည်း မသုံးရပါဘူး။

နေလောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့

အဆီပြန် အချက်

မိမိအသားအရေက အဆီပြန်လို့ဆိုပြီး နေလောင်ကာခရင်မ် လိမ်းစရာမလိုဘူးလို့ မထင်လိုက်ပါနဲ့။ တချို့တွေ ရှိပါတယ်။ အဆီပိုပြန်လို့ဆိုပြီး နေလောင်ကာခရင်မ် (လုံးဝ) မလိမ်းကြပါဘူး။ ဒီအချက်သည်လည်း လွဲမှားနေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အပြင်ထွက်ခါနီးတိုင်းမှာ နေလောင်ကာခရင်မ် လိမ်းပေးပါမှ ကိုယ့်ရဲ့ အဆီပြန်နေတဲ့ အသားအရေက ပိုမို မပျက်စီးသွားမှာပါ။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်တဲ့ နေလောင်ကာခရင်မ်ကို လိမ်းကျံပေးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခရမ်းလွန် နေရောင်ခြည်ဒဏ်မှ အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုရင် SPF 30 ထက် ပိုများတဲ့ နေလောင်ကာခရင်မ်ကို အသုံးပြု ရမှာဖြစ်ပါတယ်။

မျက်နှာကို လက်နဲ့ တစ်ချိန်လုံး ထိမနေပါနဲ့

အဆီပြန် အချက်

တစ်ချို့တွေ ရှိပါတယ်။ ဝက်ခြံ ပေါက်နေလို့ဆိုပြီး ဝက်ခြံကို လက်နဲ့ သွား သွားညှစ်နေတာမျိုး၊ ဒါမှမဟုတ် မျက်နှာက အဆီပြန်လား မပြန်ဘူးလားဆိုတာကို စမ်းဖို့ဆိုပြီး မျက်နှာကို လက်နဲ့ တစ်ချိန်လုံး သွားထိနေတတ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ မျက်နှာကို လက်နဲ့ တစ်ချိန်လုံး သွားထိတွေ့ကာ ကိုင်တွယ်နေမယ်ဆိုရင်တော့ ထိုအကျင့်ဆိုးကို ဖျောက်ဖျက်သင့်ပါပြီ။ ဒီလို မကြာခဏ သွားထိတွေ့နေခြင်းအားဖြင့် ဘက်တီးရီးယားတွေကို မျက်နှာပေါ်မှာ သွားဖြန့်လိုက်တာနဲ့ အတူတူပါပဲ။ မျက်နှာသစ်ချိန်၊ တိုနာလိမ်းချိန်၊ Moisturizer လိမ်းချိန်၊ Sunscreen လိမ်းချိန်ကလွဲရင် ကျန်အချိန်တွေမှာ မျက်နှာကို လက်နဲ့ မထိပါနဲ့။ ထိုကဲ့သို့ လိမ်းကျံမယ်ဆိုရင်လည်း မိမိရဲ့ လက်ကို အရင်ဦးဆုံး သန့်ရှင်း စင်ကြယ်နေအောင် သန့်စင် ထားဖို့လည်း လိုအပ်ပါတယ်။

မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း သုတ်ခြင်းမှ ရှောင်ကြဥ်ပါ

အဆီပြန် အချက်

မျက်နှာသစ်ပြီးတဲ့နောက်မှာ မျက်နှာသုတ်ပုဝါနဲ့ မျက်နှာကို အကြမ်းပတမ်း ပွတ်တိုက်ခြင်းသည်လည်း အသားအရေကို ပျက်စီးသွားစေပြီး အဆီပြန်ခြင်းကို ပိုမိုပြင်းထန်စေပါတယ်။ ဒါ့ကြောင့် မျက်နှာသစ်ပြီးနောက် မျက်နှာ ခြောက်အောင် သုတ်တဲ့အခါ ပုဝါလေးနဲ့ ခပ်ဖွဖွလေးသာ သုတ်ပေးရပါမယ်။ မျက်နှာသုတ် ပုဝါကိုလည်း တစ်ပတ် တစ်ခါ သေချာ လျှော်ဖွပ်ဖို့ လိုအပ်ပါတယ်။ မျက်နှာနဲ့ ထိတွေ့မယ့်အရာများကို သန့်သန့်ရှင်းရှင်းထားမှသာလျှင် မျက်နှာက အဆီပြန်ခြင်း ကင်းဝေးပြီး ဘေဘီစကင်လေးလို နုဖတ်အုအက်နေမှာဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်အသားအရေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။

Source: Aad.org

Featured Image: Freepik