ဒီဘက်ခေတ် လူတော်တော်များများဟာ ပျော်ရွှင်မှုကို ငွေနဲ့ပေးပြီး ဝယ်ယူနေကြရတာပါ။ ငွေသုံးမှ ပျော်တယ် ၊ လိုချင်တာတွေ ဝယ်လိုက်မှ စိတ်ပေါ့ပါးတယ်ဆိုတာဟာ တကယ်တော့ မှားယွင်းတဲ့ အလေ့အထတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စိတ်ခံစားမှုတွေနောက်လိုက်ပြီး အမှန်တကယ် အသုံးမလိုတဲ့နေရာတွေမှာ ပိုက်ဆံတွေ သုံးမိနေသလား ၊ တကယ် မလိုအပ်တဲ့အရာတွေအတွက် ငွေသုံးနေမိလားဆိုတာကို ပြန်တွေးကြည့်ပါ။ ဒီလိုလုပ်မိနေတယ်ဆိုရင်တော့ အခုကစပြီး ရပ်တန့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ တကယ်တော့ ပိုက်ဆံ ကုန်စရာမလိုတဲ့ အဓိပ္ပါယ်ရှိတဲ့ ပျော်ရွှင်စရာမှုတွေကို ရှာဖွေလို့ ရနိုင်သေးတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် မျှဝေပေးချင်ပါတယ်။

(၁) သဘာဝနဲ့ ထိတွေ့ပါ

Nature

Photo : Pentax Forums

ကျွန်တော်တို့အတွက် သဘာဝတရားကြီးဟာ အကောင်းဆုံးသော အဖော်ပါပဲ။ ပျော်ရွှင်ခြင်း ၊ စိတ်ကြည်နူး လန်းဆန်းခြင်းတွေကို သဘာဝတရားကြီးက ပေးစွမ်းနိုင်ပါတယ်။ အားလပ်ချိန်တွေမှာ ဒါမှမဟုတ် စိတ်ပင်ပန်းမွန်းကြပ်မှုတွေ ခံစားနေရချိန်မှာ စိမ်းစိုလန်းဆန်းတဲ့ သစ်ပင်ပန်းပင်တွေရှိရာ ပန်းခြံလေးတွေကို သွားရောက်တာ ၊ သဘာဝလေ တဖြူးဖြူးနဲ့ လန်းဆန်းမှုတွေကို ပေးစွမ်းမယ့် ရေကန်/ကန်ဘောင်တွေမှာ ခဏလောက် စိတ်လွတ်လက်လွတ်သွားနားနေတာ စသည်ဖြင့် ပိုက်ဆံ မကုန်ပါပဲ သဘာဝနဲ့ ထိတွေ့ပြီး စိတ်ပျော်ရွှင် လန်းဆန်းမှုတွေကို ရှာနိုင်ပါတယ်။

(၂) စိတ်ကို အနားပေးပါ

meditation

Photo : The Telegraph

စိတ်ရဲ့ ကျန်းမာခြင်းဟာ အရေးကြီးဆုံးပါပဲ။ စိတ်ရဲ့ ကျန်းမာရေးကို ဂရုမစိုက်တဲ့အခါမှာ အရာရာပျောက်ဆုံးပြီး လမ်းပျောက်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ စိတ်ပျော်ဖို့အတွက် ပိုက်ဆံ သုံးတယ်ဆိုတာဟာလည်း စိတ်ကို ခဏတာလှည့်စားတာပါ။ ဒီလိုထွက်ပေါက်ရှာမယ့်အစား ကိုယ့်ရဲ့စိတ်ကိုကောင်းကောင်း ဂရုစိုက်ပြီး စိတ်အေးချမ်းစေမယ့် ၊ စိတ်ဖိစီးမှုသက်သာစေမယ့် အလေ့အကျင့်တွေလုပ်ဆောင်တာက ရေရှည်အတွက်ပိုပြီး ထိရောက်ပါတယ်။ ဒါကြောင့် တရားထိုင်တာ ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ ၊ ယောဂလေ့ကျင့်တာ စတဲ့နည်းလမ်းတွေနဲ့ စိတ်ကိုကောင်းစွာအနားပေးပြီး စိတ်ကျန်းမာရေးကို ကောင်းမွန်အောင် ပြုစုပြိုးထောင် သင့်ပါတယ်။

(၃) အသစ်အဆန်းတစ်ခုခု သင်ယူပါ

online Learning

Photo : RingCentral

အင်တာနက် ခေတ်ကြီးထဲမှာ အခမဲ့သင်ယူစရာ အရမ်းကို များပြားပါတယ်။ ဈေးကြီးပေးရတဲ့သင်တန်းတွေတက်မှ အတက်ပညာတစ်ခုကို သင်ယူနိုင်တာ မဟုတ်ပါဘူး။ အင်တာနက်ကနေ ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ် ၊ အတက်ပညာတစ်ခုခုကို ပေါ့ပါ့ပါးပါး သင်ယူလို့ ရပါတယ်။ ကိုယ်က ဟင်းချက်ဝါသနာပါလား ၊ တူရိယာတီးခတ်တက်ချင်သူတစ်ယောက်လား ဒါမှမဟုတ် ပန်းချီဆွဲရတာ နှစ်သက်လား စသည်ဖြင့် ကိုယ်ဝါသနာပါတဲ့ အရာတွေကို ပိုက်ဆံ မကုန်ပဲ အင်တာနက်ကနေတဆင့် ရှာဖွေပြီး အားလပ်ချိန်တွေမှာ ပျော်ပျော်ကြီး သင်ယူတက်မြောက်နိုင်ပါတယ်။

(၄) အဟောင်းတွေကို အသစ်ပြန်လည် ဖန်တီးပါ

DIY

Photo : NY Post

အိမ်သုံးပစ္စည်းတစ်ခုခု ပျက်သွားရင် လွင့်ပစ်ပြီး လွယ်လွယ်ပဲ အသစ်ဝယ်သုံးနေမယ့်အစား ပိုက်ဆံ ကုန်ပေါက်လည်း သက်သာမယ် ၊ ကိုယ့်ကိုယ်တိုင် ဖန်တီးမှုစွမ်းရည်တွေလည်း တိုးတက်လာစေချင်တယ်ဆိုရင် အမှိုက်ကနေ ရွှေဖြစ်အောင် ပြောင်းလဲနိုင်မယ့် နည်းလမ်းလေးတွေ အများကြီး ရှိပါတယ်။ အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းအနွမ်းတွေ ၊ ယို့ယွင်းပျက်စီးနေတဲ့ အသုံးအဆောင်တွေကို ကိုယ်တိုင်ပြန်လည်ပြုပြီး အသစ်တစ်ခု ပြန်လည်ဖန်တီးနိုင်ပါတယ်။ ဒါဟာ ငွေသုံးပြီး ဝယ်ရတာထက် ပိုပြီးတန်ဖိုးရှိသလို အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးချနိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

Featured Photo : Healthline