ပရီးမီးယားလိဂ်မှာ အာဆင်နယ် ၊ ဘရိုက်တန် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အဲ့ဒီ (၃)သင်းလုံးကို (၃)ဂိုးနဲ့အထက် ရှုံးပွဲဆက်ထားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စနေ့ညကတော့ Turf Moor အိမ်ရှင် ဘန်လေအသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ယူပြီး ရှံးပွဲဆက်နေမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
Photo Credit : Manchester United X
ယူနိုက်တက်အသင်းက ဒီရာသီမှာ အားရစရာ အနေအထားမှာ ရှိမနေခဲ့ပဲ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကလည်း စွမ်းဆောင်ရည်တွေ ကျဆင်းနေပြီး ကစားသမားသစ်တချို့ကလည်း ဒဏ်ရာ ကြံခိုင်မှု ပြသာနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း ဝုလ်ဗ် နော်တင်ဟမ်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ ယူနိုက်တက်အနေနဲ့ နိုင်ပွဲ ရခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းတွေမှာတော့ စိတ်ကျေနပ်စရာမှာ ရှိမနေခဲ့ရပါဘူး။
Photo Credit : CaughtOffside
အခုလည်း Turf Moor ကွင်းမှာ တန်းတက်ကလပ် ဘန်လေအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်က အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို နိုင်ပွဲ ရခဲ့တယ် ဆိုပေမယ့် ကစားပုံအရတော့ လုံးဝ အားရစရာ အနေအထားမှာ ရှိမနေခဲ့ပါဘူး။ ယူနိုက်တက်လို အသင်းမျိုးက ဘန်လေလို တန်းတက်အသင်းမျိုးကို ဒီလို ခက်ခက်ခဲခဲ ကစားနေရတာက ကစားသမား အစုံအလင် မပါဝင်တာကြောင့် ဆိုနိုင်ပေမယ့်လည်း ပွဲအတွင်း ယူနိုက်တက် အသုံးပြုသွားတဲ့ လူစာရင်းနဲ့သာဆို ဘန်လေကို ဖိအားပေး ကစားရင်း အေးအေးဆေးဆေး အနိုင်ယူသွားသင့်ပါလျက်နဲ့ ဘောလုံးပိုင်ဆိုင်မှု နဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေမှာပါ ဘန်လေထက် လျော့နည်းခဲ့ရပါတယ်။
Photo Credit : Manchester United X
ဒါပေမယ့် ယူနိုက်တက်အတွက် အားရစရာကောင်းတာကတော့ အသင်းရဲ့ ဝါရင့် နောက်ခံလူကြီး ဂျွန်နီ အီဗန်စ်က ခံစစ်ပိုင်းမှာလည်း တာဝန်ကျေပွန်အောင် ကစားပေးသွားနိုင်ခဲ့သလို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးဟာလည်း အီဗန်စ်ရဲ့ great pass ကနေ တစ်ဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အသင်းအနေနဲ့ ဒီထက်မက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့အတွက် ကြိုးစားဖို့ လိုနေသေးတယ် ဆိုပေမယ့်လည်း ရှုံးပွဲတွေ့ ဆက်တိုက် ကြံနေရချိန်မှာ အခုလို နိုင်ပွဲပြန်ယူနိုင်တာက နောက်ပွဲတွေအတွက် ယုံကြည်မှု ရရှိသွားစေနိုင်ပါတယ်။
Featured Photo : Manchester United X