နယ်သာလန် ပြည်တွင်းမှာသာမကပဲ ဥရောပ ဘောလုံးရပ်ဝန်းမှာပါ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ဖူးတဲ့ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ် အသင်းကတော့ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ ဘယ်သူမှ မထင်ထားလောက်အောင် အဆိုးရွှားဆုံး အခြေအနေတစ်ခုဆီ ရောက်ရှိနေရပြီး အသင်းအတွင်းမှာလည်း လှုပ်ခတ်မှုတွေ ရှိနေရပါတယ်။

top big club ajax

Photo Credit : SBNation

ဘောလုံးသမားကောင်းတွေ နဲ့ နည်းပြကောင်းတွေ ပေါ်ထွက်လေ့ရှိပြီး အရည်အသွေးမြင့် လူငယ် ကစားသမားလေးတွေကို မွေးထုတ်ပေးတက်လေ့ရှိတဲ့ အေဂျက်စ်အသင်းဟာ နယ်သာလန် ဘောလုံးနယ်ပယ်မှာတော့ အအောင်မြင်ဆုံးသော ကလပ်အသင်းကြီး တစ်သင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အေဂျက်စ်အသင်းဟာ နယ်သာလန်လိဂ်အတွင်းမှာပဲ (၅)ပွဲကစားပြီးချိန် နိုင်ပွဲက (၁)ပွဲတည်းသာ ရှိထားသေးတဲ့အထိကို အခြေအနေတွေ အတော်လေး ဆိုးရွှားနေခဲ့ရပါတယ်။

ajax player

Photo Credit : Ajax

ကလပ်အသင်း (၁၈)သင်းသာ ရှိတဲ့ နယ်သာလန် အမှတ်ပေးလိဂ်မှာ အဆင့် (၁၄)နေရာအထိ ရောက်ရှိနေရတဲ့ အေဂျက်စ်အသင်းရဲ့ ရလဒ်အခြေအနေတွေက လက်ခံလို့ မရနိုင်တဲ့ အခြေအနေမှာ ရှိနေရပြီး နွေဈေးကွက်အတွင်းမှာလည်း ကူဒက်စ် တင်းဘား အယ်လ်ဗာရက်ဇ် ကာလာဆန်တို့လို ကစားသမားကောင်းတွေကို တန်းစီ ရောင်းချထားခဲ့တာကြောင့် အသင်းရဲ့ အင်အားက လျော့နည်းသွားတာ ဖြစ်နိုင်ပါတယ်။ အသင်းကနေ ထိပ်တန်း ကစားသမားကောင်းတွေ ထွက်ခွာသွားချိန် ပြန်လည် ဖြည့်တင်းထားတဲ့ ကစားသမားတွေကလည်း အားရစရာ အနေအထားမှာ မရှိသေးတာက အသင်းအတွက် ဆိုးကျိုးတွေ ဖြစ်လာခဲ့ပါတယ်။

ajax lose feynoord

Photo Credit : 20Min

လက်ရှိမှာ အေဂျက်စ်အသင်းက ပြီးခဲ့တဲ့ သြဂုတ်လ (၁၃)ရက်နေ့ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေအားလုံးထဲ လူဒိုဂိုရတ်စ်အသင်းနဲ့ အဝေးကွင်း ကစားခဲ့ရတဲ့ ယူရိုပါလိဂ် ခြေစစ်ပွဲကိုသာ အနိုင်ရခဲ့ပြီး ကျန်တဲ့ ပြိုင်ပွဲစုံ (၆)ပွဲအထိ နိုင်ပွဲပျောက်နေရပါတယ်။ ဒါ့အပြင် အေဂျက်စ်ဟာ ဒီ စက်တင်ဘာလထဲမှာလည်း လုံးဝကို နိုင်ပွဲပျောက်ဆုံးထားရပြီး အဆိုးရွှားဆုံး အခြေအနေတစ်ခုကို ဖြတ်သန်းနေရပါတယ်။

Featured Photo : Goal