စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းဟာ အမေရိကန်ပြည်ထောင်စုမှာ အဖြစ်များဆုံး စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပြီး လေ့လာမှုတွေအရ လက်ရှိ အရွယ်ရောက်ပြီးသူ သန်း ၄၀ ကျော်လောက်က အဆိုပါ ရောဂါပြဿနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်တာပါပဲ။ ကိုယ်လက်လှုပ်ရှားမှု အားလုံးလိုလိုက အနည်းနဲ့အများ စိတ်ဖိစီးမှုတွေကို သက်သာပြေလျော့စေဖို့ အထောက်အကူ ပြုပါတယ်။ အခုပြောပြပေးမှာကတော့ စိတ်ရဲ့  မွန်းကြပ် မှုတွေ ပြေလျော့သက်သာစေပြီး စိတ်ပေါ့ပါးလန်းဆန်းစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းနည်း အချို့အကြောင်းပါ။

(၁) အပြေးလေ့ကျင့်ခန်း

Running

Photo : Men’s Health

အပြေးလေ့ကျင့်ခန်းဟာ စိတ်ဖိစီးမှုတွေ လျှော့ချရာမှာ အထိရောက်ဆုံး နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်၊။ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို လျှော့ချဖို့ ကူညီပေးနိုင်ပြီး စိတ်ကြည်လင်လန်းဆန်းမှုတွေကို ပေးစွမ်းပါတယ်။ သုတေသီတွေရဲ့အဆိုအရတော့ အနည်းဆုံး တစ်ရက်ကို မိနစ် ၃၀ လောက် ပြေးရုံနဲ့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေ ပြေလျော့သက်သာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ သိသိသာသာပြန်လည်ပေါ့ပါးတည်ငြိမ်လာတာကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၂) ယောဂ လေ့ကျင့်ခန်း

yoga

Photo : Skill Yoga – Blog

ယောဂကစားနည်းဟာ အသက်ရှုခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပေါင်းစပ်လုပ်ရတဲ့ လေ့ကျင့်ခန်းပါ။ ဒါကြောင့် ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အလုံးစုံ ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန် ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတွေကို လျော့ပါးသက်သာစေပြီး အဆင်မပြေမှုတွေကြုံရတဲ့ တနေ့တာကိုပင် အကောင်းဆုံး ကျော်ဖြတ်သွားနိုင်ဖို့ စိတ်အားတက်ကြွမှုတွေ ရစေမှာ ဖြစ်ပါတယ်။

(၃) အလေးမ လေ့ကျင့်ခန်း

 Weightlifting

Photo : Men’s Journal

Weightlifting ကစားနည်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာဖို့ အဓိကဆော့ကစားကြတဲ့ လေ့ကျင့်ခန်းတစ်ခုလို့ လူသိများပါတယ်။ တကယ်တော့ အလေးမ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ် ကျစ်လစ်ကြံ့ခိုင်လာစေရုံမကပဲ စိတ်မွန်းကြပ်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုးကို ပြေလျော့သက်သာသွားစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီကစားနည်းဟာ ကာလကြာရှည် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်း ပြဿနာတွေကို ကူညီဖြေရှင်းရာမှာ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းစေဖို့ အထောက်အကူ ပြုပါတယ်။

(၄) ဘောက်ဆင် လေ့ကျင့်ခန်း

Photo : Fit2Box

ကယ်လိုရီလောင်ကျွမ်းမှုများပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေမယ့် လေ့ကျင့်ခန်းကတော့ ဘောက်ဆင်ကစားနည်းပါ။ ဘောက်ဆင်ကစားခြင်းဟာ စိတ်ဖိစီးမှုတွေ ဒေါသတွေနဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုပြေလျော့စေဖို့ အထိရောက်ဆုံး ကုစားပေးနိုင်မယ့် အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ဒါတင်မကပဲ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Men’s Health