လူတစ်ယောက်ဟာ အဝလွန်တာလာနဲ့ ကျန်းမာရေးအတွက် စိုးရိမ်လာရပါပြီ။ အဝလွန်ခြင်းဟာ အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုများကို ဖြစ်စေပြီး နှလုံး ၊ သွေးတိုးနဲ့ ဆီးချိုတို့လို နာတာရှည်ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ လေ့လာမှုတွေအရ နောက်ထပ်စိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်ကတော့ အဝလွန် တဲ့ ပြဿနာဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။

Obesity

Photo : Harvard Health

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organisation ရဲ့အဆိုအရ အဝလွန်ခြင်းဟာ ယနေ့ခေတ် နိုင်ငံအများအပြားမှာ ဆထက်မကတိုးပွား ဖြစ်ပေါ်လာနေပြီး လူတွေရဲ့အလုံးစုံသော ကျန်းမာရေးကို လျင်မြန်စွာ ခြိမ်းခြောက်လာနေတဲ့ ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ရပ်လို့ ဖော်ပြထားပါတယ်။ အဝလွန်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ၊ သွေးတိုးရောဂါ ၊ လေဖြတ်ခြင်း ၊ အချို့ ကင်ဆာရောဂါတွေနဲ့ ဆီးချိုရောဂါတို့ကို ဖြစ်စေနိုင်တဲ့အပြင် သည်းခြေ ၊ အရိုးအဆစ်ရောင်ရောဂါ ၊ ဂေါက်ရောဂါနဲ့ တခြား အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေအထိ ဆက်စပ်ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ သုတေသီတွေရဲ့ လေ့လာမှုစစ်တမ်းတွေအရတော့ အဝလွန်နေတဲ့ အမျိုးသားတွေမှာ လိင်အင်္ဂါချို့ယွင်းမှုဆိုင်ရာပြဿနာ ပိုမိုခံစားရနိုင်ခြေ ရှိတယ်လို့ ဆိုထားပါတယ်။ အဝလွန်ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေနဲ့ သွေးတိုး ၊ ဆီးချိုတို့လိုရောဂါတွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေတာကြောင့် လိင်တံထောင်မတ်နိုင်စွမ်း လျှော့ကျတာ ၊ လိင်အင်္ဂါသို့ သွေးစီးဆင်းမှုနည်းတာကြောင့် လိင်တံကောင်းမွန်စွာ မထောင်မတ်နိုင်တာ စတဲ့အခြေအနေတွေ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။

erectile dysfunction

Photo : Mighty Goodness

နောက်တစ်ချက်ကတော့ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်မှာ ဟော်မုန်းအတက်အကျ ပြောင်းလဲမှုပြဿနာတွေ ဖြစ်ပေါ်လာပြီး လိင်စိတ်ဆန္ဒလျှော့ကျတာ ၊ လိင်ဆက်ဆံဖို့ စိတ်အားထက်သန်မှု နည်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဆက်ဆံချိန်မှာလည်း လိင်စိတ် အထွတ်အထိပ် ခံစားမှုရဖို့ ကြာတာ ၊ အထွတ်အထိပ်ကို မရောက်နိုင်တာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါသေးတယ်။

လူတော်တော်များများဟာ အဝလွန်လာပြီဆိုတာနဲ့ အရင်ဆုံး ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ယုံကြည်မှုလျော့ကျတာ ၊ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု လျော့ကျတာတွေ ဖြစ်ကြပါတယ်။ ဆက်ဆံဖော် ပါတနာအတွက် ကိုယ်ဟာ ဆွဲဆောင်မှုမရှိတဲ့ လူတစ်ယောက်ဖြစ်နေမလား ၊ လုံလောက်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ပါ့မလားစတဲ့ သိမ်ငယ်စိတ် ၊ စိုးရိမ်စိတ်တွေ ကြီးစိုးလာတဲ့အခါမှာ လိင်စိတ်ဆန္ဒလျော့ကျလာနိုင်သလို အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းကောင်းမပြနိုင်ပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အထိအတွေ့ ခံစားမှုအတွေ့အကြုံကို ရနိုင်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

Obesity

Photo : WTNH.com

အားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ အဝလွန်တဲ့ ပြဿနာဟာ ခန္ဓာကိုယ်အလုံးစုံကျန်းမာရေးအတွက်သာမက လိင်မှုဆိုင်ရာ ကျန်းမာရေးပေါ်လည်း ဆိုးရွားစွာသက်ရောက်မှုတွေရှိနေတာကြောင့် ယောကျာ်းသားတို့အနေနဲ့ အဝလွန်ခံတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်မိဖို့ အကြံပြုချင်ပါတယ်။ အကယ်၍ ရှိသင့်ရှိထက်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေပါကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးတာ ၊ တစ်ရက်ကို နာရီဝက် – ၄၅ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်တာ ၊ အိပ်ချိန်လုံလောက်စွာအိပ်စက်တာ စသည်ဖြင့် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကိုယ်အလေးချိန်လျှော့ချဖို့ မှာချင်ပါတယ်။

Featured Photo : Medical News Today