မန်ချက်စတာ ယူနိုက်တက် နဲ့ ကိုပင်ဟေဂင်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၃)မှာတော့ အံ့အားသင့်စရာ ဖြစ်ရပ်တွေနဲ့အတူ မန်ယူနိုက်တက်က (၁)ဂိုးတည်းနဲ့ ကပ်အနိုင်ရသွားခဲ့ပါတယ်။ တကယ်တော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကိုပင်ဟေဂင်ကို အခုလို အနိုင်ယူနိုင်ခဲ့တာက ဘာမှ မထူးဆန်းပေမယ့်လည်း ကစားသမား (၂)ဦးရဲ့ စွမ်းဆောင်မှုတွေက ယူနိုက်တက်အတွက် ထူးထူးဆန်းဆန်းတွေ ဖြစ်သွားစေခဲ့ပါတယ်။
Photo Credit : Twitter X
ဒီကစားသမားနှစ်ယောက်ကတော့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား နဲ့ ဂိုးသမား အန်ဒရေ အိုနာနာတို့ပဲ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယား ခေါ် ဂေါင်းကြီးကတော့ အိုနာနာ ယူနိုက်တက်ကို မရောက်ခင် ဒီဂီယာ လက်ထက်မှာတုန်းက အမြဲတမ်း အမှားမှား အယွင်းယွင်းတွေနဲ့ တည်ငြိမ်မှု ကင်းမဲ့စွာ ကစားတက်လို့ သူပါလာပြီလာဆိုတာနဲ့ ဂိုးပေးနေရတက်သလို ဖြစ်တက်ရပါတယ်။
Photo Credit : Twitter X
အိုနာနာကလည်း အင်တာမှာ လက်စွမ်းတွေ မတရား ကောင်းခဲ့သလောက် ယူနိုက်တက်ကို ရောက်လာချိန်မှာတော့ ဖုန်းတစ်ဂိုးရှင်ဆိုတဲ့ နာမည်ပြောင် ရရှိခဲ့တဲ့အထိ လက်စွမ်းပိုင်းတွေ တည်ငြိမ်မှု ကျဆင်းနေရပြီး ဖမ်းမိနိုင်လောက်တဲ့ ဂိုးကန်ချက်တွေကိုပါ အလွယ်တကူ ဂိုးအဖြစ် ခွင့်ပြုပေးနေတာကြောင့် အိုနာနာ နဲ့ မက်ဂွိုင်းယားတို့ ပေါင်းစပ်ထားတဲ့ ခံစစ်ကို ယူနိုက်တက် ပရိသတ်တိုင်းက လန့်နေကြပါတယ်။
Photo Credit : Twitter X
ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေအတွင်း တဖြည်းဖြည်းနဲ့ တည်ငြိမ်ခဲ့ကြတဲ့ ဒီကစားသမားနှစ်ဦးဟာ အခု ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် အလွန် အရေးပါတဲ့ စွမ်းဆောင်မှုတွေကိုပါ လုပ်ဆောင်သွားနိုင်ခဲ့ကြပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားက အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် ခေါင်းတိုက်ပြီး ယူနိုက်တက်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပွဲပြီးတော့မယ့် နောက်ဆုံးမိနစ်မှာ စကော့တုတ်ကြီး တွမ်မီနေးကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကိုလည်း ဖုန်းတစ်ဂိုးရှင် အိုနာနာက အကောင်းဆုံး ကာကွယ်ပေးသွားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ မက်ဂွိုင်းယား နဲ့ အိုနာနာ တစ်နည်းအားဖြင့် ဂေါင်းကြီး နဲ့ ဖုန်းတစ်ဂိုးရှင်တို့ရဲ့ ပွဲလည်း ဖြစ်ခဲ့ရပါတယ်။
Featured Photo : Twitter X