မန်ချက်စတာ စီးတီးအသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန် ကြယ်ပွင့် ကစားသမားလေး ဂျာမာ မူဆီအာလာကို ရီးယဲလ် မက်ဒရစ် ၊ လီဗာပူးလ်အသင်းတို့နဲ့အပြိုင် စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Football London
အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်တိုက်စစ် နဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မူစီယာလာဟာ ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့်လည်း အသက် (၇)နှစ်အရွယ်မှာပဲ အင်္ဂလန်နိုင်ငံဆီ ပြောင်းရွှေ့ခဲ့ပြီး ဆောက်သမ်တန် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဘောလုံး အကယ်ဒမီတွေမှာ ဘောလုံးပညာ သင်ယူခဲ့ရပါတယ်။ ချယ်လ်ဆီးအကယ်ဒမီမှာ (၈)နှစ်အထိ တက်ရောက်ပြီးနောက် ဘိုင်ယန်အကယ်ဒမီဆီ ရောက်ရှိသွားခဲ့တဲ့ မူစီယာလာဟာ ၂၀၂၀မှာပဲ ဘိုင်ယန်အသင်းအတွက် ပွဲကစားခွင့် ရရှိလာပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ရပါတယ်။
Photo Credit : talkSPORT
မူစီယာလာဟာ လက်ရှိမှာတော့ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၃၅)ပွဲအထိ ပါဝင်ကစားထားပြီးနောက် သွင်းဂိုးလည်း (၃၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဂျာမနီ ကစားသမားဆုကိုပါ ဆွတ်ခူးထားခဲ့တဲ့ မူစီယာလာက ၂၀၂၃ Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ရွေးချယ်ခံထားရပါသေးတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ မူစီယာလာကို ရီးယဲလ် မက်ဒရစ်နဲ့အတူ ပရီးမီးယားလိဂ်က မန်စီးတီး နဲ့ လီဗာပူးလ်တို့ကပါ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : The Sun
မူစီယာလာကိုယ်တိုင်ကလည်း အသင်းနည်းပြ သောမတ်စ် တူဟယ်လ်လက်အောက်မှာ မပျော်မရွင် ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာသွားချင်နေတယ်ဆိုပြီး ဂျာမန် သတင်းတွေကနေ ဖော်ပြထားခဲ့သလို တကယ်လို့ ဘိုင်ယန်ကနေ ထွက်ခွာမယ်ဆိုရင်လည်း မူစီယာလာက ရီးယဲလ် ဒါမှမဟုတ် မန်စီးတီး တစ်သင်းသင်းကို ရွေးချယ်နိုင်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ မန်စီးတီးကလည်း ဒဏ်ရာတွေ မကြာခဏ ရရှိနေတက်တဲ့ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားရဲ့နေရာမှာ အစားထိုးဖို့အတွက် သူ့နေရာမှာ နောက်ထပ် ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်တစ်ဦးဖြစ်သူ မူစီယာလာနဲ့ အစားထိုးချင်နေပါတယ်။
Featured Photo : Clutch Points