ချယ်လ်ဆီးက အာဆင်နယ်လို form အရမ်းမိနေတဲ့ အသင်းမျိုးကို သူတို့ရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ အကောင်းဆုံး ယှဉ်ကစားသွားရင်း ကံဆိုးလို့ သရေကျခဲ့ရတာကြောင့် ဘရန့်ဖို့ဒ်လို အသင်းမျိုးကိုတော့ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း ပွဲအပြီးမှာ (0-2) ဆိုတဲ့ ရလဒ်မျိုးနဲ့ပါ အပြတ်အသတ် အရေးနိမ့်ခဲ့ရပါတယ်။

chelsea fc

Photo Credit : Chelsea Football Club

ဒီနွေမှာ အသင်းအတွင်း ကစားသမား အပြောင်းအလဲတွေ နည်းပြအပြောင်းအလဲတွေပါ ကြီးကြီးမားမား လုပ်ဆောင်ထားတဲ့ ချယ်လ်ဆီးအသင်းက အခု ဒီရာသီထဲ ပရီးမီးယားလိဂ် (၁၀)ပွဲ ကစားထားပြီးချိန် နိုင်ပွဲ (၃)ပွဲသာ ရရှိထားပြီး ရှုံးပွဲက (၄)ပွဲ ရှိထားခဲ့ရာ (၃)ပွဲကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလို အိမ်ကွင်းမှာ နော်တင်ဟမ် ဘရန့်ဖို့ဒ် နဲ့ ဗီလာအသင်းတွေကို အရေးနိမ့်ခဲ့ရတာတွေက ချယ်လ်းလို အသင်းမျိုးအတွက် တကယ်ကို လက်ခံရ ခက်ခဲစေနိုင်ပြီး အသင်းကလည်း (၁၀)ပွဲ ကစားပြီးချိန် အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)မှာ ရှိနေရခြင်းက အသင်းပရိသတ်တွေအတွက် ခံရခက်စေပါတယ်။

sanchez and jackson

Photo Credit : VOH

အသင်းမှာ ခေါ်ယူထားတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကလည်း ရာသီကြိုကာလမှာသာ ချယ်လ်ဆီးရဲ့ ဒရော့ဘာလက်သစ်လို့ တင်စားရလောက်အောင် ဂိုးမြူးခဲ့ပေမယ့် တကယ့်တကယ် ရာသီလည်း စတင်ရော လူကာကူလက်သစ် ဖြစ်သွားခဲ့ရပါတော့တယ်။ လက်ရှိမှာလည်း အသင်းအတွက် သွင်းဂိုး (၂)ဂိုးသာ သွင်းယူထားနိုင်သလို ခြေစွမ်းအရဆိုရင်လည်း ဘယ်လိုမှကို အားထားစရာ မကောင်းနိုင်ပါဘူး။ နောက်ပြီး စက်တင်ဘာလရဲ့ အကောင်းဆုံး ကာကွယ်မှုဆုကို ရရှိထားသူ ဂိုးသမားဆန်းချက်ဇ်ဟာလည်း အဲ့ဒီဆုရပြီး (၂)ပွဲဆက်တိုက်အထိ အမှားတွေ ကျူးလွန်နေတာက ချယ်လ်ဆီးအတွက် စိတ်ပျက်စရာ ဖြစ်နေပါတယ်။

pochettino

Photo Credit : Chelsea Football Club

ဒီအခြေအနေမှာ ဆောက်သမ်တန် စပါးတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ အချိန်တစ်ခုထိ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြ ပိုချက်တီနိုအနေနဲ့ အသင်းကို အသေအချာ ပြင်ဆင်သွားဖို့ လိုအပ်နေပြီး ပွဲတစ်ပွဲကို အကောင်းဆုံး ချဉ်းကပ်ဖို့နဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်ဆောင်နိုင်ဖို့လည်း အထူးတလည် လိုအပ်နေပါတယ်။ ဒါ့အပြင် ဝင်းဂါး သုံးသပ်ခဲ့သလို ချယ်လ်ဆီး ကစားသမားတွေကလည်း ယုံကြည်မှု နည်းပါးနေတာမျိုး နိုင်လိုစိတ် ကင်းမဲ့နေတာမျိုးတွေကို အဆုံးသတ်ဖို့ လိုအပ်နေပြီး အသင်းအတွက် အသေအချာ အားထည့်ကစားပေးသွားရပါတော့မယ်။

Featured Photo : BattaBox