ဂျုဒ့် ဘယ်လင်ဟမ်ကတော့ ဒီပုံစံအတိုင်းသာဆိုရင် ဒီကစားသမားလေးကို ဒီနှစ်ဈေးကွက်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုလို့ သတ်မှတ်ရတော့မှာ ဖြစ်သလို လာမယ့်နှစ်ရဲ့ ဘာလွန်းဒေါဆုရှင် အလောင်းအလျာလေးလို့ပါ ယူဆရပါတော့မယ်။ ဒါက အလွန် အမွှမ်းတင်ပြီး ပြောနေတာ ဟုတ်မဟုတ်ဆိုတာ ဘောလုံးပရိသတ်တိုင်း သိကြမယ် ထင်ပါတယ်။

madrid star bellingham

Photo Credit : Sporting News

အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ကြယ်ပွင့် ကွင်းလယ် ကစားသမားလေး ဘယ်လင်ဟမ်ကို ရီးယဲလ်အသင်းက မန်စီးတီး လီဗာပူးလ်အသင်းတို့နဲ့အပြိုင် ခေါ်ယူခဲ့ရတာဖြစ်ပြီး ဒေါ့မွန်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို (၁၀၃)သန်းအထိ ပေးချေခဲ့ရပါတယ်။ တိုနီ ကရူးစ် ၊ လူကာ မိုဒရစ်တို့လို ဝါရင့် ကွင်းလယ်လူတွေ နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ဘယ်လင်ဟမ်ကို ယူရို (၁၀၃)သန်းထိ ပေးပြီး ခေါ်ယူခဲ့ပေမယ့် ဘယ်လင်ဟမ်က ကွင်းလယ်အတွက် ဆော်ဒီကို ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာရဲ့နေရာမှာပါ အစားဝင်လာသလို ဂိုးတွေလည်း တဒိုင်းဒိုင်း သွင်းယူပြနေပါတယ်။

bellingham

Photo Credit : Goal

ကွင်းလယ် ကစားသမားတစ်ဦးပေမယ့် တိုက်စစ်မှူးတစ်ဦးထက်ပင် ဂိုးသွင်းအား အလွန်ကောင်းနေပြီး ဧရိယာထဲမှာလည်း နေရာကောင်းကောင်း ယူတက်တဲ့ ဘယ်လင်ဟမ်က အခုဆိုရင် ရီးယဲလ်အတွက် (၁၃)ပွဲထိ ကစားထားပြီးချိန် သူရဲ့ သွင်းဂိုး စုစုပေါင်းဟာလည်း (၁၃)ဂိုးအထိ ရှိထားသလို (၁၆)ဂိုးအထိပါ ဂိုးပါဝင်ပတ်သက်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေကြောင့် လာလီဂါ ပွဲဦးထွက်ရာသီမှာပဲ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၂)လဆက်တိုက်အထိ ဆွတ်ခူးထားခဲ့ရသလို ရီးယဲလ်ကလည်း သူ့အတွက် သုံးစွဲခဲ့ရတဲ့ ငွေကြေးနဲ့ ပိုပြီး သာလွန်တဲ့ အကျိုးအမြတ်တွေကိုပါ ပြန်လည် ရရှိလို့နေပါတယ်။

jude bellingham real madrid

Photo Credit : SPORT

အခုဆိုရင် ဘယ်လင်ဟမ်ဟာ လာလီဂါမှာ ဂိုး(၁၀)ဂိုးနဲ့ ဒီရာသီ လာလီဂါ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်နေရပြီး အခုပုံစံအတိုင်းသာ ဆက်လက်သွားနေမယ်ဆိုရင် လာလီဂါ ရွှေဖိနပ်ဆုကိုပါ မျှော်မှန်းနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒါကြောင့် ရီးယဲလ် ပရိသတ်တွေက ဘယ်လင်ဟမ်အတွက် သူ့အသင်းဟောင်း ဒေါ့မွန်ကို နောက်ထပ် သန်းတစ်ရာလောက် ထပ်ပေးလိုက်ပါဦးလို့ ပြောဆိုနေကြပြီး ဘယ်လင်ဟမ်ဟာလည်း ဘယ်လောက်အထိ ခြေစွမ်းတွေ ထပ်မံ ပြသသွားနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေရပါတယ်။

Featured Photo : The Times