လိင်တံထိပ် အရေပြား ဖြတ်တောက်ခြင်းကို တော်တော်များများက မွေးကင်းစကလေးအရွယ်မှာ ပြုလုပ်ပေးလေ့ ရှိပါတယ်။ အရေပြားလှီးဖြတ်ခြင်းဟာ ဘာသာရေး ၊ လူမျိုးရေး အယူအဆတွေနဲ့ ဆက်စပ်နေတယ်လို့ လူသိများပေမယ့် ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း အမျိုးသားတို့ရဲ့ လိင်အင်္ဂါကျန်းမာရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ အချို့သော အမျိုး သားတွေမှာတော့ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းကို အသက်ကြီးမှ လုပ်ဆောင်ကြတာမျိုးလည်း ရှိပါတယ်။

Banana

Photo : Dr Haddad

အရွယ်ရောက်ပြီးချိန်မှ လိင်တံထိပ် အရေပြား ဖြတ်တောက်မယ်ဆိုရင်တော့ အနည်းငယ်ကထိကထများပြီး အလုပ်နည်းနည် ပိုရှုပ်တာကိုတွေ့ရမှာပါ။ လုပ်ထုံးလုပ်နည်းအရလည်း နည်းနည်းပိုရှုပ်ထွေးပြီး ကြာချိန်အားဖြင့် မိနစ် ၂၀ ကနေ နာရီဝက်အထိလောက် ကြာနိုင်ပါတယ်။ ခွဲစိတ်ရာမှာ ထုံဆေး သို့မဟုတ် မေ့ဆေးကို အသုံးပြုကြရပြီး ကုန်ကျစရိတ်ကလည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အသက်ကြီးမှ လိင်တံထိပ်အရေပြား ဖြတ်တောက်ရတာ ဖြစ်တဲ့အတွက် ပြန်လည်သက်သာဖို့ အချိန်ကလည်း အနည်းငယ်ပိုကြာနိုင်ပြီး ခွဲစိတ်ပြီးချိန်မှာ ထင်မှတ်မထားတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်နိုင်ခြေ များပါတယ်။

ဒီထဲမှာ အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုကတော့ လိင်မှုရေးရာ လှုပ်ရှားမှုတွေကို အချိန်ခဏလောက် ရပ်တန့်ထားဖို့ လိုတာပါ။ အနာမကျက်သေးခင် အချိန်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး သို့မဟုတ်ပါက အနာကျက်တဲ့ လုပ်ငန်းစဉ်ကို ကြန့်ကြာနိုင်စေသလို ချုပ်ရိုးပြေတာ ၊ HIV အပါအဝင် ကူးစက်ရောဂါပိုးဝင်တာတွေအထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အရေပြား ဖြတ်တောက်ပြီးချိန်မှာ လိင်တံရဲ့ ထိပ်ဖူးဟာ အလွန်နူးညံ့ပြီး ထိရှလွယ်နေတာကြောင့် အပြည့်အဝမသက်သာမီ လိင်ဆက်ဆံပါက လိင်ဆက်ဆံခြင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်ခြေ အလွန်မြင့်မားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရတော့ အမျိုးသားတစ်ဦးဟာ အရွယ်ရောက်ပြီးမှ အရေပြားဖြတ်တောက်မယ်ဆိုရင် အရေပြားလှီးဖြတ်ပြီး နောက် ၆ ပတ်အကြာအထိ လိင်ဆက်ဆံမှု အပါအဝင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ထားသင့်တယ်လို့ ဆိုထားပါတယ်။ အချို့ အမျိုးသားတွေမှာ ထိုထက်ပို၍မြန်မြန် အနာကျက်မြန်ပြီး ခွဲစိတ်ထားမှုအနေအထား ကောင်းမွန်လာတဲ့ လက္ခဏာတွေကို တွေ့ရနိုင်သော်လည်း အနည်းဆုံးတော့ ၆ ပတ်ပြည့်အောင် စောင့်ဆိုင်းဖို့ လိုပါတယ်။

Banana

Photo : Fairbanks Urology

ခွဲစိတ်ပြီးနောက် ၁ ပတ်အကြာမှာ အရေပြား လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေကို သေချာ စစ်ဆေးသင့်ပါတယ်။ ပိုးဝင်ခြင်း သို့မဟုတ် ချုပ်ရိုးအနေအထား ပျက်ယွင်းခြင်းတွေရှိနေပါက အနာကျက်ဖို့ အချိန်ပိုမို နှောင့်နှေးသွားနိုင်ပါတယ်။ ခွဲစိတ်ပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ အဆင်မပြေမှု ခံစားရပါက ဆရာဝန်နဲ့ ချက်ချင်းသွားရောက်ပြသကာ ကုသမှု ခံယူသင့်ပါတယ်။

လေ့လာမှုတွေအရ လိင်တံ အရေပြား လှီးဖြတ်ပြီးတဲ့ အမျိုးသား ၉၄ ရာခိုင်နှုန်းဟာ ၆ ပတ်အတွင်းမှာ အနာကျက်ပြီး လုံးဝသက်သာပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။ ၈၃ ရာခိုင်နှုန်းကတော့ သီတင်းပတ် ၅ အတွင်း သက်သာလာပြီး ၆၅ ရာခိုင်နှုန်းက ၄ ပတ်အတွင်း သက်သာသွားကြတယ်လို့ ဖော်ပြထားပါတယ်။ အချို့ အမျိုးသားတွေမှာ ရက်သတ္တပတ် ၄ ပတ်ထက်စောပြီး မြန်မြန်ဆန်ဆန် သက်သာလာတာမျိုး ရှိတက်ပေမယ့် စိတ်ချရတဲ့ အခြေအနေ ဖြစ်စေဖို့ အနည်းဆုံး ၆ ပတ်ပြည့်အောင် စောင့်ဆိုင်းတာ အကောင်းဆုံး ဖြစ်ပါတယ်။

Featured Photo : DMARGE