ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ယူနိုက်တက် စပါး နဲ့ လက်ရှိ ရိုးမားအသင်းတွေမှာ နည်းပြအဖြစ် ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုများစွာ ဆုဖလားများစွာကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လက်ရှိ ဘောလုံးလောကအတွင်း နာမည်ကြီးစပြုနေတဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲဆီကို ပြောင်းရွှေ့ရင်း ဆော်ဒီကလပ် တစ်သင်းသင်းကို ကိုင်တွယ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

jose

Photo Credit : Fabrizio Romano

မကြာခင်မှာ အသက် (၆၁)နှစ် ပြည့်တော့မယ့် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြကြီး မော်ရင်ဟိုက လက်ရှိ သူ့ကလပ် ရိုးမားအသင်းကို ကိုင်တွယ်နေတာဆိုရင် တတိယမြောက် ဘောလုံးရာသီထဲ ရောက်ရှိလာပါပြီ။ ပထမရာသီမှာ အသင်းကို ကွန်းဖရန့်စ်လိဂ် ချန်ပီယံ ဖြစ်စေပြီး ဒုတိယရာသီမှာ ယူရိုပါလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ထားခဲ့ပေမယ့် ဆြာမော်ရဲ့ ထုံးစံအတိုင်း တတိယရာသီမှာဆို ရုန်းကန်တက်ရသလို အခု တတိယရာသီမှာလည်း ရလဒ်တွေက အားမရစရာ ဖြစ်လာရပါတယ်။

Photo Credit : Inside Sport

မော်ရင်ဟိုက ရိုးမားနဲ့ တတိယရာသီအပြီးလောက်မှာ နောက်ထပ် စတုတ္ထရာသီပါ မရှိနိုင်တော့ပဲ အသင်းနဲ့ ရာသီအကုန်မှာ လမ်းခွဲရနိုင်တယ်ဆိုတဲ့ ကောလဟာလတွေနဲ့အတူ မော်ရင်ဟိုကို ဆော်ဒီကလပ်တွေက ခေါ်ယူလိမ့်မယ်ဆိုတဲ့ သတင်းတွေ ပူးတွဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်မှာ အနာဂတ် မသေချာတော့တဲ့ နည်းပြကြီး အန်ဆယ်လော့တီနေရာကို အစားဝင်ဖို့အတွက် အသင်းဟောင်း ရီးယဲလ်ဆီ ပြန်သွားလိမ့်မယ်လို့ အသံထွက်လာတာတွေကိုလည်း မော်ရင်ဟိုက –

jose mourinho saudi

Photo Credit : Clutch Points

“တစ်နေ့မှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဆီ ကျွန်တော် ရောက်ရှိသွားလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အဲ့ဒီမှာ နည်းပြဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါက မနက်ဖြန်လည်း မဖြစ်နိုင်သလို သဘက်ခါလည်း မဖြစ်နိုင်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားပြီး အန်ဆယ်လော့တီနေရာ အစားထိုးဖို့ကလား? ဥက္ကဌ ပီရက်ဇ်က အလွန် ထက်မြက်တဲ့သူပါ။ သူ့မှာလည်း အရမ်းကောင်းလှပါတဲ့ နည်းပြတစ်ဦး ရှိနေတာကို နောက်တစ်ယောက်နဲ့ အစားထိုးဖို့ ဘာကြောင့် စဉ်းစားရမှာလဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Clutch Points