အချစ် ဟာ ကျွန်တော်တို့ အားလုံးရဲ့ဘဝထဲက အရေးကြီးဆုံး အရာတွေထဲက တစ်ခုပါပဲ။ လူတစ်ယောက်ကို ချစ်တယ်လို့ ပြောဖို့က သိပ်လွယ်ပေမယ့် ကိုယ့်ရဲ့အချစ်တွေကို တစ်ဖက်လူခံစားမိအောင် ပြဖို့ကတော့ တစ်ခါတစ်ရံမှာ တကယ်ကို ခက်ခဲနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ကိုယ့်ရဲ့အချစ်ကိုဖော်ပြတဲ့ Love Language လေးတွေကလည်း မတူညီနိုင်ကြပါဘူး။ ကျွန်တော်တို့ရင်ထဲက အချစ်တွေကို ချစ်သူကောင်မလေးသိရှိစေဖို့ သူမကို ချစ်ကြောင်းတန်ဖိုးထားကြောင်းကို မြင်နိုင်အောင် အခုပြောပြမယ့် နည်းလမ်းလေးတွေကို သုံးနိုင်ပါတယ်။
(၁) မျက်လုံးတွေ ကတဆင့် ဖော်ပြပါ
Photo : Mind Body Green
မျက်လုံးတွေမှာ စွမ်းအားတွေအများကြီး ရှိပါတယ်။ အချစ်ကိုဖော်ပြဖို့အတွက် မျက်လုံးတွေဟာ အကောင်းဆုံး စွမ်းအားကြီး လက်နက်တစ်ခုပါပဲ။ ကိုယ့်ချစ်သူကောင်လေးရဲ့ ကြင်နာတဲ့ အကြည့် ၊ အချစ်တွေ အပြည့်ပါတဲ့ အကြည့်တွေကို ဘယ်ချစ်သူကောင်မလေးကမှ မလွန်ဆန်နိုင်ပါဘူး။ ဒါက သူမကို ချစ်တယ်ဆိုတာ သိစေနိုင်သလို ရင်ခုန်မှုတွေလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။ အနည်းဆုံးတော့ သူမနဲ့ တွေ့ဆုံချိန်တိုင်းမှာ ဘေးပတ်ဝန်းကျင်ကို အာရုံမရောက်ပဲ ကွီးတို့ရဲ့ အကြည့်တွေက သူမအပေါ်မှာပဲ အပြည့်အဝ ရှိနေပါစေ။ စကားပြောတဲ့အခါမှာ သူမနဲ့ မျက်လုံးချင်းဆုံပြီး ကြည့်ပေးပါ။ လေးနက်တဲ့အကြည့်တွေက သူမအပေါ် ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ သိသာပေါ်လွင်နေစေမှာ ဖြစ်ပါတယ်။
(၂) တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖန်တီးပေးပါ
Photo : Fresh In Love
ကိုယ်ချစ်ရသူနဲ့ အချိန်တွေအတူတူ ကုန်ဆုံးရတာကို ချစ်သူတိုင်း နှစ်သက်ကြတာပါပဲ။ ဒါကြောင့် နှစ်ဦးသားအတွက် တန်ဖိုးရှိတဲ့ Quality Time လေးတွေ ဖန်တီးသင့်ပါတယ်။ ချစ်သူကောင်မလေးအတွက် သီးသန့်အချိန်ပေးတာ ၊ သူမနဲ့အတွက် သင့်ရဲ့အချိန်တွေထဲက တချို့တဝက်ကို ခွဲပေးတာ ၊ သင့်ရဲ့အားလပ်ချိန်တွေထဲက တချို့ကို သူမအနားမှာ ရှိနေပေးပြီး အတူတူအချိန်ကုန်ဆုံးတာ စသည်ဖြင့် ဒီလိုအပြုအမူလေးတွေဟာ သူမအပေါ် ချစ်မြတ်နိုးကြောင်း ဖော်ပြနိုင်တဲ့ အလွယ်ကူအရိုးရှင်းဆုံး နည်းလမ်းလေးတွေထဲကတစ်ခု ဖြစ်ပါတယ်။
(၃) လူတွေရှေ့မှာပါ ချစ်မြတ်နိုးမှုကို ပြသပါ
Photo : The Today Show
နှစ်ယောက်တည်းရှိတဲ့ အချိန်တွေမှာပဲ ချစ်တယ်ဆိုတာကို ဖော်ပြရုံနဲ့ မလုံလောက်ပါဘူး။ လူတွေရှေ့မှာပါ သူမအပေါ် ချစ်တယ်ဆိုတာ ဖော်ကြူးပြဖို့ မရှက်ပါနဲ့။ ဥပမာ အပြင်သွားတဲ့အခါ သူမလက်လေးကို ကိုင်ထားတာ ၊ သူမကို ပွေ့ဖက်တာ ၊ သူမရဲ့ခေါင်းလေးကို အနမ်းဖွဖွပေးတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်မှာ သူမရဲ့ပုံလေးတွေ / ချစ်သူနှစ်ဦးသားရဲ့ ဓာတ်ပုံလေးတွေ တင်ပေးတာ စသည်ဖြင့် ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခြင်းရဲ့အမူအရာလေးတွေကို လူတွေရှေ့မှာ ထုတ်ဖော်ပြသဖို့ လိုပါတယ်။ ဒါကလည်း သူမကို အမှန်တကယ် ချစ်တယ်ဆိုတာ သိစေမယ့် နည်းလမ်းတစ်ခုပါပဲ။
(၄) ဂရုတစိုက် နားထောင်ပေးပါ
Photo : Verywell Mind
ချစ်သူနှစ်ဦးကြားမှာ တစ်ယောက်ကိုတစ်ယောက် သေချာဂရုတစိုက် နားထောင်ပေးတက်ဖို့ကလည်း မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ချစ်သူကောင်မလေးရဲ့ ရင်ထဲကပြောချင်တဲ့စကားတွေ ၊ ရင်ဖွင့်ချင်တာတွေ ၊ ကိုယ်နဲ့သူမ ကြားက ညှိနှိုင်းဆွေးနွေးရမယ့် အရာတွေ စသည်ဖြင့် သူမပြောချင်တဲ့ စကားလေးတွေကို နှလုံးသားနဲ့ရော နားနဲ့ပါ သေချာဂရုတစိုက် နားထောင်ပေးပါ။ ကိုယ့်ချစ်သူရဲ့စကားတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးတာကလည်း သူမကို အလေးအနက်ထား ချစ်ပြရာရောက်စေပါတယ်။
Featured Photo : Better Topics