ဒီနှစ် ဘောလုံးရာသီ မစတင်ခင် ရာသီကြို ခြေစမ်းပွဲစဉ်တွေအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပွဲကစားခွင့်တွေ ရရှိခဲ့ရင်း အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့တဲ့ ကိုဘီ မိုင်နူးဆိုတဲ့ ဆယ်ကျော်သက်အရွယ် ချာတိတ်လေးဟာ မမျှော်လင့်ပဲ ရီးယဲလ် မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ပွဲမှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လအတန်ကြာ အနားယူလိုက်ရပြီး အသင်းအတွက် ကစားပေးခွင့်တွေလည်း လွဲချော်ခဲ့ရပါတယ်။

mainoo

Photo Credit : Fabrizio Romano

တကယ်တော့ မန်ယူက ဒီနွေမှာပဲ ကွင်းလယ်ပိုင်းအတွက် မေဆန်မောင့် နဲ့ အမ်မရာဘတ်တို့ကို ခေါ်ယူထားလို့ မိုင်နူးလေးသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ်ဆိုရင်တောင် ကက်စီမဲရိုး အဲရစ် တွမ်မီနေး နဲ့ ဟန်နီဘယ်လ်တို့ကို ကျော်ဖြတ်ပြီး နေရာရဖို့ ခက်ခဲလာနိုင်တယ်လို့ ယူဆစရာ ဖြစ်လာရပါတယ်။ ဒါပေမယ့် ကက်စီ အဲရစ်ဆင် မေဆန်မောင့်တို့ ဒဏ်ရာရနေတာ တွမ်မီနေး ခြေမမှန်တာနဲ့ အမ်မရာဘတ်ကလည်း မန်ယူ ကွင်းလယ်မှာ အသုံးမဝင်သေးတာကြောင့် မိုင်နူးလေး ဒဏ်ရာကနေ သက်သာလာချိန်မှာပဲ ဒီရာသီ မန်ယူအတွက် ပထမဆုံး ပွဲထွက်ကစားခွင့် ရရှိလာခဲ့ပါတယ်။

utd star mainoo

Photo Credit : Sky Sports

(၁၈)နှစ်သားလေး မိုင်နူးက အဲဗာတန် နဲ့ မန်ယူတို့ပွဲမှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရင်း သူ့ကို ကစားခွင့်ပေးခဲ့တဲ့ နည်းပြ တန်ဟက်ဂ် အပါအဝင် အသင်းဖော်တွေ အသင်းပရိသတ်တွေပါ စိတ်ကျေနပ်အောင် ကစားပြနိုင်ခဲ့ပါတယ်။ အရင်က မန်ယူ အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ ရွိုင်ကိန်းကြီးတောင် မိုင်နူးလေးက အရွယ်နဲ့ မလိုက်အောင် အားထုတ်မှုတွေ တည်ငြိမ်မှုတွေ အများကြီး ပြသနိုင်ခဲ့ပြီး သူ့ကစားပုံကို ကြည့်နေရတာ သဘောကျမိတယ်လို့ အမွှမ်းတင် ပြောဆိုခဲ့ပါသေးတယ်။

mainoo fernandes

Photo Credit : United in Focus

ဒါ့အပြင် မန်ယူရဲ့ လက်ရှိ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း “သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ သူ့အသက်အရွယ်လေးနဲ့ အရည်အသွေးကောင်းတွေ အများအပြားကို ပိုင်ဆိုင်ထားတယ်။ တခြား ကစားသမားတွေ မမြင်နိုင်တဲ့ အရာတွေကိုလည်း သူက ကြိုမြင်နေတက်တယ်။ သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေချိန်ဆိုရင် ကစားတာ သက်တောင့်သက်သာပဲ။ ပြီးရင် အမှားအယွင်းလည်း ဘယ်တော့မှ လုပ်လေ့ မရှိပါဘူး။ မနေ့ကလည်း သူက တကယ်ကောင်းလွန်းလှတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ အသေအချာပါပဲ။ အရမ်းကို ကောင်းလွန်းပါတယ်။” လို့  မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

Featured Photo : United in Focus