အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အန်ထရန် ဂရီးဇ်မန်းကတော့ စပိန် လာလီဂါပြိုင်ပွဲရဲ့ Legend player တစ်ဦးလည်း ဖြစ်သလို သူရဲ့ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ လာလီဂါ စံချိန်တစ်ခုကို အမီလိုက်နိုင်ခဲ့ပါတယ်။

griezmann

Photo Credit : Marca

လာလီဂါကလပ် ဆိုစီဒက်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ရင်း ကစားသမားဘဝ တစ်လျှောက်လုံး လာလီဂါ ကလပ်အသင်းတွေမှာပဲ ဖြတ်သန်းနေတဲ့ ဂရီးဇ်မန်းဟာ လက်ရှိ အသက် (၃၂)နှစ်မှာပဲ လာလီဂါ ပွဲပေါင်း (၅၀၄)ပွဲအထိ ကစားထားခဲ့ပြီ ဖြစ်သလို လာလီဂါဂိုးပေါင်း (၁၈၃)ဂိုးအထိလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။

griezmann atletico

Photo Credit : Marca

ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ဆိုစီဒက် နဲ့ အသက်လက်တီကို အသင်းတို့အတွက် ဂန္တဝင် ကစားသမားတစ်ယောက်လို့ သတ်မှတ်နိုင်ပြီး အသက်လက်တီကို အသင်းအတွက်ဆိုရင်လည်း အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာဖို့ပါ ဂိုးအရေအတွက် အနည်းငယ်လေးသာ လိုအပ်ပါတော့တယ်။ လက်ရှိ အသက်လက်တီကိုရဲ့ ဂိုးသွင်းအများဆုံး ကစားသမားက အာရာဂိုးနက်စ်ဖြစ်ပြီး (၁၇၃)ဂိုး သွင်းယူထားတာဖြစ်လို့ ဂရီးဇ်မန်းအနေနဲ့ ဂိုး(၄)ဂိုးသာ သွင်းယူဖို့ပဲ လိုအပ်ပါတော့တယ်။

griezmann messi

Photo Credit : Evening Standard

ဒီလို ဂိုးသွင်းစံချိန်အပြင် ဂရီးဇ်မန်းက လာလီဂါပြိုင်ပွဲအတွင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၈)ကြိမ်မြောက်အထိ ပိုင်ဆိုင်သွားခဲ့ပြီဖြစ်လို့ တစ်ချိန်က လာလီဂါရဲ့ icon player ကြီးဖြစ်တဲ့ ဘာစီလိုနာ ကစားသမားဟောင်း မက်ဆီရဲ့ စံချိန်ကိုပါ အမီလိုက်နိုင်ခဲ့ပါတယ်။ ဂရီးဇ်မန်းက ၂၀၁၅ခုနှစ် ဇန်နဝါရီလမှာပဲ လာလီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို စတင် ပိုင်ဆိုင်ခဲ့ရင်း (၉)နှစ်နီးပါးအကြာမှာ အခုလို လာလီဂါပြိုင်ပွဲ သမိုင်းတစ်လျှောက် POTM ဆုကို အကြိမ်အများဆုံး ဆွတ်ခူးခဲ့တဲ့ ကစားသမားအဖြစ် မက်ဆီနဲ့ ပူးတွဲရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Eurosport