ဘောလုံးသမားတိုင်းရဲ့ Dream Clubs တွေက ဘာစီလိုနာ နဲ့ ရီးယဲလ်မက်ဒရစ်ပါ။ ဒီအသင်းကြီး နှစ်သင်းမှာ ပါဝင်ကစားချင်ကြတဲ့ ဘောလုံးသမားတွေက အယောက် (၁၀၀)မှာ အယောက် (၉၀)လောက်အထိ ရှိနေလိမ့်မယ်လို့ ဆိုရပါမယ်။ တခြားသော ဥရောပ ထိပ်သီးအသင်းတွေမှာ ဘယ်လောက်ပဲ အောင်မြင်ပါစေ အဲ့ဒီ လာလီဂါ ကလပ်အသင်းကြီး နှစ်သင်းမှာ ပါဝင်ချင်ကြသူတွေ အများအပြားပါပဲ။
Photo Credit : Barca Blaugranes
ရောဘတ် လီဝန်ဒေါစကီးဟာလည်း ဒီလို ကစားသမားတွေထဲက တစ်ဦးပါပဲ။ လီဝန်ဒေါစကီးဟာ ဒေါ့မွန် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့အတူ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ (၁၂)နှစ်တာ ကျင်လည်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ သွင်းဂိုးပေါင်း (၂၃၈)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ Legend Plyaer ကြီး တစ်ဦးပါ။ ဘိုင်ယန်နဲ့အတူ (၈)နှစ်လောက်အထိ ဖြတ်သန်းခဲ့ပြီး အောင်မြင်မှုပေါင်းများစွာ ရယူခဲ့တဲ့ လီဝန်ဒေါစကီးဟာ ၂၀၂၂ခုနှစ် နွေမှာပဲ ကစားသမားတိုင်းရဲ့ Dream Club ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်လို့ ဘိုင်ယန်ကနေ ရအောင် ထွက်ခွာခဲ့ပြီး ဘာစီလိုနာနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။
Photo Credit : ESPN
အသက် (၃၅)နှစ်အရွယ် ပိုလန် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဘာစီလိုနာ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ (၄၆)ပွဲကစားအပြီး သွင်းဂိုးပေါင်း (၃၃)ဂိုးတောင် သွင်းယူနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးရဲ့ တာအထွက်က အလွန် စိတ်ကျေနပ်စရာကောင်းတယ်လို့ သတ်မှတ်နိုင်ပေမယ့်လည်း ဒီရာသီမှာတော့ လီဝန်ဒေါစကီးက ပွဲအများစုမှာ ရုန်းကန်နေရပြီး ဂိုးပေါက်လွဲချော်မှုတွေလည်း အမြောက်အများ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Barca Blaugranes
ဒီလို အခြေအနေမှာ ဘာစီလိုနာအသင်းဘက်က လာမယ့် နွေရာသီမှာပဲ လီဝန်ဒေါစကီးကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်လာခဲ့ပြီး လီဝန်ဒေါစကီးကတော့ ဘာစီလိုနာမှာသာ ဆက်လက် ရှိသွားချင်နေပါတယ်။ စပိန်အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀)လောက်နဲ့ ရောင်းထုတ်သွားချင်နေပြီး ဘာစီလိုနာအနေနဲ့ကတော့ လာမယ့် ဇန်နဝါရီမှာ အသင်းဆီ ရောက်ရှိလာတော့မယ့် ဗစ်တာ ရိုကေးကို လီဝန်ဒေါစကီး နေရာမှာ အစားထိုးဖွယ် ရှိနေပါတယ်။
Featured Photo : Barca Blaugranes