ကျွန်တော်တို့ အားလုံး ကိုယ်ချစ်ရတဲ့သူနဲ့ အချိန်တွေအကြာကြီး အတူတူရှိချင်ကြတာပါပဲ။ တစ်ရက်ထက်တစ်ရက် မကုန်ဆုံးနိုင်တဲ့ ချစ်ခြင်းတွေနဲ့ ခိုင်မာမြဲမြံတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတာ အပြောထက် လက်တွေ့က ပိုခက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူနှစ်ဦးသား ပျော်ရွှင်ကြည်နူးရတဲ့ Relationship တစ်ခုကိုတည်ဆောက်ပြီး အချိန်တွေ အကြာကြီး ရေရှည်လက်တွဲသွားနိုင်ဖို့ သိထားရမယ့် အချစ်ရေး အကြံပြုချက်လေးတွေကို မျှဝေပေးပါမယ်။
(၁) တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖန်တီးပါ
Photo : FirstCry Parenting
ချစ်သူနှစ်ဦး အတူတကွ အဖိုးတန်အချိန်လေးတွေကို ဖန်တီးတာဟာ ဆက်ဆံရေး ခိုင်မာမြဲမြံစေဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပါပဲ။ ကိုယ်စီအလုပ်တာဝန် ၊ မိသားစုတာဝန်တွေနဲ့ မအားလပ်ဘူးဆိုရင်တောင်မှာ တစ်ပတ်မှာအနည်းဆုံး ၁ ရက်လောက်တော့ ချစ်တဲ့သူအတွက် သီးသန့်အချိန်ပေး သင့်ပါတယ်။ ချစ်သူနှစ်ဦးသားအတွက် သီးသီးသန့်သန့် ဖြစ်စေတဲ့ အဖိုးတန်အချိန်လေးတွေကို ဖန်တီးခြင်းဟာ Relationship တစ်ခုကို ပိုမိုခိုင်မာစေသလို ရေရှည်လက်တွဲသွားနိုင်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။
(၂) နှစ်ဦးသားအတူတူ လုပ်နိုင်မယ့် ဝါသနာလေးတွေ ရှာပါ
Photo : Live Bold and Bloom
စိတ်တူကိုယ်တူ ဝါသနာတူ အချက်လေးတွေ ရှိထားမယ်ဆိုရင် ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို သေချာပေါက် ပိုမိုခိုင်မာစေမှာပါ။ ဝါသနာ တစ်စုံတစ်ခုကို နှစ်ဦးသားအတူတူ လုပ်ကြတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်ပြီး အချိတ်အဆက်လည်း ပိုမိလာစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ချစ်တဲ့သူနဲ့ဝါသနာပါတဲ့ အရာလေးတွေကို အတူတူ အချိန်ကုန်ဆုံးပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက်လည်း ထူးခြားပြီး ပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
(၃) တစ်ယောက်စိတ်ကိုတစ်ယောက် ဝင်ကြည့်ပေးပါ
Photo : HerWay.net
မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုစီကနေ ရှင်သန်ကြီးပြင်းလာကြတဲ့ ချစ်သူနှစ်ဦးဟာ ခံယူချက် ၊ တွေးခေါ်မှုတွေ အမြဲတမ်းထပ်တူ မကျနိုင်သလို ကွဲလွဲမှုတွေလည်း အများကြီး ရှိနေနိုင်ပါတယ်။ သို့သော်လည်း တစ်ယောက်စိတ်ကိုတစ်ယောက် မြင်သာအောင် ကြည့်နိုင်တယ် ၊ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ကြိုးစားမယ်ဆိုရင် ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး။ လူနှစ်ယောက် နားလည်မှုတည်ဆောက်ကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ကြိုးစားဖို့ကလည်း အရေးကြီးဆုံး ဖြစ်ပါတယ်။ တစ်ယောက်စိတ်ကို တစ်ယောက် မြင်သာအောင် ဝင်ကြည့်ပေးပြီး နားလည်မှုကောင်းကောင်း တည်ဆောက်နိုင်မယ်ဆိုရင် ဝေးကွာခြင်းတွေမရှိပဲ အချိန်တွေ အကြာကြီး ပျော်ရွှင်စွာ လက်တွဲနိုင်မှာ အသေအချာပါပဲ။
(၄) ယုံကြည်မှု တည်ဆောက်ပါ
Photo : WeddingStats
Relationship တစ်ခုရေရှည်လက်တွဲသွားနိုင်ဖို့ ယုံကြည်မှုက သိပ်ကိုအရေးကြီးပါတယ်။ ယုံကြည်မှုမရှိတော့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သံသယနဲ့ စိုးရိမ်စိတ်တွေ များပြီး အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။ ချစ်သူနှစ်ဦး ယုံကြည်မှုရှိဖို့ ကိုယ်ပိုင်အသိစိတ်နဲ့အပြန်အလှန်စောင့်ထိန်းရမှာဖြစ်သလို အရှုပ်အရှင်းတွေဖြစ်မလာစေဖို့လည်း ကိုယ့်ကိုယ့်ကိုယ်အမြဲ သတိပေးပြီး တားမြစ်နေရမှာ ဖြစ်ပါတယ်။
Featured Photo : Motherly