နာပိုလီ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဗစ်တာ အိုဆီမန် ကတော့ ရာသီကုန်မှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့အကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပြီး စိန်ခေါ်မှုအသစ်တစ်ခုခုကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖွင့်ဟလာပါတယ်။

Victor Osimhen

Photo : Yardbarker

အိုဆီမန် ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းအတွက် ၃၃ နှစ်တာကာလအတွင်း ပထမဆုံးစီးရီးအေချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး လိဂ်ပွဲ ၃၂ ပွဲမှာ သွင်းဂိုး ၂၆ ဂိုးအထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

နာပိုလီ အသင်းကတော့ ဒီဇင်ဘာလတုန်းကမှ အိုဆီမန်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၃၀ တန် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုက်စစ်ကစားသမားရဲ့ အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ကောလာဟလသတင်းတွေ အများအပြား ထွက်ပေါ်နေကာ ပရီးမီးယားလိဂ်ထိပ်သီး ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒီထဲမှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့က ထိပ်ဆုံးကနေပါဝင်နေပြီး နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့အတွက် အပြင်းအထန်ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

CBS သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်မှာတော့ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး အိုဆီမန် ဟာ လက်ရှိမှာ နာပိုလီ အသင်းနဲ့ ကစားသမားဘဝကို အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောခဲ့ပေမယ့် လာမယ့် နွေရာသီမှာတော့ စိန်ခေါ်မှုအသစ်တစ်ခုခုကို လုပ်ဆောင်လိုကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Victor Osimhen

Photo : talkSPORT

” ရာသီကုန်မှာ နောက်ထပ်ခြေလှမ်း တစ်ဆင့်တက်ဖို့ ကျွန်တော်ဆုံးဖြတ်ချက် ချပြီးပါပြီ။ ကျွန်တော့်ရဲ့စိတ်ကို ပိုင်းဖြတ်ပြီးပါပြီ။ ကျွန်တော့်မှာ အစီအစဉ် ရှိပြီးသားပါ။ ကျွန်တော် ဘာလုပ်ချင်လဲဆိုတာ ကောင်းကောင်း သိထားပါတယ်။ ကျွန်တော် နောက်တဆင့်ကို တက်လှမ်းချင်တာပါ ”

” လူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ကျွန်တော့်ကို ပရီးမီးယားလိဂ်နဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပြောနေကြမယ် ထင်ပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာ့ပေါ်က အကြီးဆုံးလိဂ်တွေထဲက တစ်ခုပါ။”

” ဒီရာသီကိုတော့ ကျွန်တော် နာပိုလီနဲ့အတူ ပြီးဆုံးချင်ပါတယ်။ ပြီးရင်တော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်သွားချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Featured Photo : The Sun