ကွီးတို့သည် မိမိကိုယ်ကို အခြားသူ တွေနဲ့ နှိုင်းယှဥ် ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခ ပြန်ပေးနေမိပါသလား။ ဒါဆိုရင်တော့ ကွီးတို့မှာ ပူလောင်သောကတွေနဲ့သာ ပြည့်နှက်နေမျာ အမှန်ပါပဲ။ ဒါ့အပြင် အခုဖော်ပြပေးမယ့် ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါသေးတယ်။
ဒီဆိုးကျိုးများကတော့ ကွီးတို့သည် မိမိကိုယ်ကို အခြားသူ တွေနဲ့ လိုက် နှိုင်းယှဥ် နေတဲ့အတွက်ကြောင့် ခံစားရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများပဲဖြစ်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ လျော့ကျစေတယ်
ဒီအချက်ကတော့ အဆိုးရွားဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ပြိုင်ဆိုင်နေတဲ့အခါ သူတို့ရဲ့ အားသာချက်တွေကိုပဲ မြင်ယောင်နေမိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ကာ သိမ်ငယ်စိတ်တွေ ဝင်လာပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သံသယစိတ်တွေ ကြီးလာပြီး ယုံကြည်ချက်တွေ လျော့ကျသွားပါလိမ့်မယ်။
(၂) ကိုယ့်ရဲ့ တိုးတက်မှုတွေကို အတားအဆီးဖြစ်စေတယ်
အခြားသူအပေါ်ပဲ အာရုံစိုက်နေမိတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း မေ့နေတတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ် ကြီးနေခြင်းမှာပဲ ပိတ်မိနေပြီး ကိုယ့်ရဲ့ တိုးတက်မှုအတွက် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ မသိတော့ဘဲ ကွီးတို့ရဲ့ တိုးတက်မှုအတွက် အတားအဆီးတစ်ခုလိုဖြစ်နေပါတော့တယ်။
(၃) ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေထိုင်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေတယ်
ကိုယ့်ဘဝနဲ့ကိုယ်၊ ကိုယ့်အောင်မြင်မှုနဲ့ကိုယ် ပျော်ရွှင်နေရမယ့်အချိန်မှာ အခြားသူနဲ့ လိုက်ပြိုင်နေတဲ့အတွက်ကြောင့် ဘဝကြီးကလည်း ပျော်စရာ မကောင်းတော့ပါဘူး။ ကိုယ့်မှာရှိတဲ့ အရာတွေနဲ့ ကျေနပ်ရောင့်ရဲ တင်းတိမ်နေရမယ့်အစား မနာလိုစိတ်ကြောင့် ပူလောင်နေရပြီး ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်မယ့် အခွင့်အရေးတွေ လက်လွတ် ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။
(၄) ပြိုင်ဆိုင်လိုစိတ်တွေကနေ မကောင်းမြင်စိတ်တွေ ပေါက်ဖွားလာတယ်
ဟုတ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ဆိုတာ မကောင်းတဲ့ နေရာမှာ အသုံးချမိမယ်၊ ပြိုင်ဆိုင်လိုစိတ်တွေ ကြီးပြီး အခြားသူအပေါ် မနာလိုမုန်းထားမှုတွေ ကိန်းအောင်းလာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ထဲမှာလည်း မကောင်းမြင်စိတ်တွေ ပေါက်ဖွားလာမှာပဲဖြစ်ပါတယ်။ မကောင်းမြင်စိတ်တွေ ကြီးလာလေလေ ကွီးတို့ရဲ့ ဘဝကလည်း တန်ဖိုးမဲ့သွားမှာပဲဖြစ်ပါတယ်။
ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အခြားသူ တွေနဲ့ နှိုင်းယှဥ် မိနေတယ်ဆိုတာကို သတိထားမိတဲ့အခါ ချက်ချင်း ပြန်ပြင်ရပါမယ်။ ပြီးတော့ အခုဖော်ပြမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အခြားသူ တွေနဲ့ နှိုင်းယှဥ် မိနေတဲ့ အကျင့်ဆိုးက ပျောက်ပျက်သွားမှာပဲဖြစ်ပါတယ်။
(၁) ကိုယ့်ရဲ့ ကိုယ်ပိုင် ကောင်းချီးများကို ရေတွက်ပါ
(၂) ကိုယ့်ရဲ့ အားသာချက်များကို သေသေချာချာ အသုံးချပါ
(၃) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ၊ ချစ်ပါ
(၄) အခြားသူတွေရဲ့ အောင်မြင်မှုအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပေးလိုက်ပါ
(၅) ငွေနဲ့ ပျော်ရွှင်မှုကို မဝယ်ယူနိုင်ဘူးဆိုတာ သတိရပါ
ဒီအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ ကွီးတို့လည်း သိမ်ငယ်စိတ် ဝင်နေတာတွေ ပျောက်သွားမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဥ်တတ်တဲ့ အကျင့်ဆိုးကြီးကလည်း ပျောက်သွားမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဥ်တတ်တဲ့အကျင့်ကို မဖျောက်ချင်ဘူးလား။
Source: Linkedin
Featured Image: Forbes