နည်းပြကြီး အူနိုင်း အမ်မရီ ကို ဘောလုံးပရိသတ်တွေ စတင် သတိထားမိခဲ့တာက အာဆင်နယ်နည်းပြအဖြစ်နဲ့ သတိထားမိကြတာလို့ ထင်ပါတယ်။ ဒါပေမယ့် အမ်မရီဟာ ၂၀၀၄ခုနှစ်ကတည်းက ကလပ်အသင်းပေါင်းများစွာကို ကိုင်တွယ်ခဲ့ပြီး အဲ့ဒီထဲကမှ အသင်းနာမည်ထဲမှာ ဗီလာပါတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ရာမှာ အောင်မြင်မှုတွေ ပိုမို ရရှိခဲ့ရပါတယ်။

unai emery sevilla

Photo Credit: Sky Sports

အမ်မရီဟာ အာဆင်နယ်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက သူရဲ့ ပွဲဦးထွက် ရာသီမှာ ယူရိုပါလိဂ် ဖိုင်နယ်အထိ ရောက်ရှိအောင် ပို့ဆောင်နိုင်ခဲ့တာကလွဲပြီး ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိပဲ တစ်ရာသီခွဲအတွင်းမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ကို မကိုင်တွယ်ခင်တုန်းကတော့ နည်းပြ အမ်မရီဟာ ဆီဗီလာနည်းပြအဖြစ် ဆောင်ရွှက်ရင်း ဆီဗီလာအသင်းကို (၃)နှစ်ဆက်တိုက် ယူရိုပါလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ယူရိုပါလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဘယ်နည်းပြမှ မလုပ်ဆောင်နိုင်တဲ့ အလန်းစား စွမ်းဆောင်ရည်ကောင်းဖြစ်လို့ အမ်မရီ ကို မစ္စတာ ယူရိုပါလိဂ်လို့တောင် တင်စား ခေါ်ဆိုကြပါသေးတယ်။

unai emery villrreal

Photo Credit: Eurosport

အာဆင်နယ်နဲ့ လက်တွဲဖြုတ်ပြီးနောက် လအတန်ကြာမှာတော့ နည်းပြ အမ်မရီကို ဗီလာရီးယဲလ်အသင်းက နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး သူရဲ့ ဗီလာရီးယဲလ် နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ခဲ့ရင်း ဖိုင်နယ်မှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူရင်း ဗီလာရီးယဲလ်ကို ယူရိုပါလိဂ် ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ခဲ့ပြန်ပါတယ်။ ဗီလာရီးယဲလ်ဟာ လွန်ခဲ့တဲ့ ၂၀၀၃နဲ့ ၂၀၀၄ခုနှစ်တွေကပဲ အင်တာတိုတို ချန်ပီယံဆုတွေနဲ့ ဥရောပမှာ အောင်မြင်ခဲ့တာဖြစ်ပြီး အနှစ် (၂၀)လောက်ကြာမှ ယူရိုပါလိဂ်ဖလားနဲ့အတူ ဥရောပ အောင်မြင်မှုကြီးကို အမ်မရီ က ပြန်လည် ယူဆောင်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

unai emery aston villa

Photo Credit: Sky Sports

ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ အက်စတွန် ဗီလာအသင်းက အမ်မရီ ကို ပရီးမီးယားလိဂ်ဆီ ဒုတိယအကြိမ် ထပ်မံ ခေါ်ဆောင်ခဲ့ရင်းနဲ့ သူကလည်း ဗီလာကို ရာသီဝက်လောက်လေးသာ ကိုင်တွယ်ရချိန်မှာပဲ တန်းဆင်းဇုန်ကနေ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့် ရရှိတဲ့အထိ စွမ်းဆောင်ပေးခဲ့တဲ့အပြင် ဒီရာသီမှာလည်း ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲထဲ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးရင်းနဲ့ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။ ဆီဗီလာ ၊ ဗီလာရီးယဲလ်နဲ့ အက်စတွန် ဗီလာဆိုတဲ့ ဗီလာ (၃)သင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ အမ်မရီဟာ ဆီဗီလာနဲ့ ဗီလာရီးယဲလ်ကိုတော့ ဖလားရအောင် လုပ်ပေးခဲ့တဲ့တာမို့ အခု ဗီလာအသင်းကိုပါ ဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Featured Photo: UEFA