ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံဟာ နိုင်ငံခြား ခရီးသွားတွေရဲ့ အာရုံစိုက်မှုကို တစထက်တစ ပိုရလာနေတယ်ဆိုတာ ငြင်းလို့မရတာ အမှန်ပါ။ ဆက်တိုက်ဆိုသလို အဘက်ဘက်က တဟုန်ထိုး တိုးတက်ဖွံ့ဖြိုးမှုတွေနဲ့ မြို့ပြရော ၊ ကျေးလက်ပါမကျန် ခရီးသွား နေရာတွေ အများကြီး ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ မြို့ပြ ခရီးသွားနေရာတွေအပြင် သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ် ထိတွေ့ချင်သူတွေအတွက်လည်း ထိုင်းနိုင်ငံ အတွင်းမှာ လည်ပတ်စရာ နေရာတွေ အင်မတန် များပါတယ်။ ဒီတစ်ခေါက်တော့ မြို့ပြ ရဲ့ မွန်းကြပ်မှုတွေကနေ ဝေးရာ ထိုင်းနိုင်ငံအတွင်းက စိမ်းစိုလန်းဆန်းတဲ့တောတောင်တွေနဲ့ သဘာဝဆန်တဲ့ အတွေ့အကြုံကို ခံစားရင်း Trekking လုပ်လို့ကောင်းတဲ့ အထင်ကရ နေရာလေးတွေကို ခရီးသွား ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) ချင်းရိုင်

Chiang Rai

Source : Travel Triangle

ထိုင်းနိုင်ငံရဲ့ မြောက်ဘက်အကျဆုံးဒေသ တနည်းအားဖြင့် ဘန်ကောက်ကနေ ၇၈၅ ကီလိုမီတာခန့် အကွာမှာရှိတဲ့ ချင်းရိုင်မြို့လေးက သဘာဝတောတောင်အလှတွေနဲ့ အရိုင်းဆန်ဆန်လှနေတဲ့ ခရီးသွားတွေအကြိုက် နေရာလေး တစ်ခုပါ။ လူဦးရေ ထူထပ်တဲ့ မြို့ပြ ရဲ့ မွန်းကြပ်မှုတွေနဲ့ လုံးဝဆန့်ကျင်ဘက် ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေ ၊ ဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေနဲ့ ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာဖြစ်ပြီး သဘာဝဆန်ဆန် ရှုခင်းတွေ ၊ တောတောင်ရေမြေတွေကြားမှာ ပျော်မွေ့စရာ ဖြစ်ပါတယ်။

(၂) ချင်းမိုင်

Chiang Mai

Source : Travel Triangle

ချင်းမိုင်မြို့လေးကတော့ နိုင်ငံခြား ခရီးသွားကြားမှာ အထွေအထူး ပြောစရာမလိုအောင် ရေပန်းစားပြီးသား မြို့လေးတစ်မြို့ပါ။ အထူးသဖြင့် Trekking လုပ်ချင်တဲ့ သူတွေ ၊ စွန့်စားခန်း ခရီးထွက်ချင်သူတွေအတွက် တစ်သက်မမေ့နိုင်စရာ အမှတ်တရတွေကို ပေးစွမ်းမှာ အသေအချာပါပဲ။ သဘာဝရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ Pin နဲ့ Maetang ဒေသတွေ အပါအဝင် ချင်းမိုင်မြို့နဲ့ အနီးတဝိုက်မှာ လှပလွန်းတဲ့ တောင်တန်းတွေ ၊ သစ်တောတွေ ၊ ချိုင့်ဝှမ်းနဲ့ မြစ်တွေအပြင် ထိုင်းလူမျိုး တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ကျေးရွာအငွေ့အသက် ၊ ဓလေ့ထုံးတမ်းများကိုလည်း လေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။

(၃) ဟွာဟင်

 Hua Hin

Source : Travel Triangle

ဟွာဟင်မြို့လေးကတော့ တကယ့်ကိုပဲ ထူးခြားလွန်းတဲ့ ခရီးသွားနေရာလေးတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘန်ကောက်ကနေ ၂ နာရီခွဲ ၃ နာရီ ဝန်းကျင်လောက် သွားရုံနဲ့ ရောက်နိုင်တဲ့ ချစ်စရာ ကမ်းခြေမြို့လေးပါ။ ဟွာဟင်မြို့ဟာ ဆင်စခန်းတွေ ၊ သစ်တောတွေ ၊ တောင်တန်းတွေအပြင် သဘာဝဆန်ဆန် အလှတရားတွေကို တဝကြီး ခံစားနိုင်မယ့် အံ့သြဖွယ်ရာ ခရီးသွားနေရာကောင်းလေးတစ်ခု အဖြစ် လူသိများ ရေပန်းစားပါတယ်။

(၄) ဒွိုင်အင်ထနွန်

Doi Inthanon

Source : Travel Triangle

တောတန်းတွေကို ချစ်မြတ်နိုးသူတွေ သေချာပေါက် သွားရမယ့် နေရာလေးတစ်ခုပါ။ ဒွိုင်အင်ထနွန် လို့ ခေါ်ပါတယ်။ အမြင့်ပေ ၂၅၆၅ မီတာမှာ ရှိပြီး နိုင်ငံရဲ့ အမြင့်ဆုံး တောင်တစ်ခုလည်း ဖြစ်ပါတယ်။ လှပလွန်းတဲ့ တောင်တန်း ရှုခင်းအလှတွေ ၊ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ ရေတံခွန်တွေနဲ့ Trekking လုပ်လို့ အကောင်းဆုံး ခရီးသွား နေရာလေးတစ်ခုဖြစ်ပြီး မြို့ပြ ရဲ့ မွန်းကြပ်မှုတွေ အားလုံး မေ့မေ့ပျောက်ပျောက် ဖြစ်သွားစေမှာ အသေအချာပါပဲ။ တောင်တက်လမ်းတစ်လျှောက် အံ့ဩဖွယ်ရာ သဘာဝရှုခင်းအလှတွေကို ခံစားရင်း ခရီးဆက်နိုင်သလို ချစ်စရာကောင်းတဲ့ ဒေသခံရွာငယ်လေးတွေကိုလည်း ဝင်ရောက်လည်ပတ် နိုင်ပါတယ်။

Source : Travel Triangle

Featured Photo : Lonely Planet