မနေ့ညက ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်ကို စောင့်ကြည့် အားပေးကြတဲ့ ကွီးတို့ညိုကီတို့ မနက် (၄)နာရီခွဲ လောက်မှပဲ အိပ်လိုက်ရမယ် ထင်ပါတယ်။ (၂)ပွဲလုံးက အချိန်ပိုတွေ ပင်နယ်တီတွေအထိ ရောက်သွားခဲ့ရတာဆိုတော့ ပိုလို့တောင် အိပ်ရေးပျက်ရမှာ သေချာပါတယ်။ ကွာတားဖိုင်နယ် ပထမနေ့ ပွဲစဉ်တွေအပြီးမှာတော့ ဘောလုံးပရိသတ် အများစု ခန့်မှန်းထားကြမယ့် အသင်းနှစ်သင်းကပဲ ဆီမီး ဖိုင်နယ်ကို အသီးသီး တက်လှမ်းသွားတယ်လို့ ဆိုရပါမယ်။

spain beats germany

Photo Credit: India Today

ည(၁၀)ခွဲမှာ ကစားတဲ့ စပိန်နဲ့ အိမ်ရှင် ဂျာမနီတို့ပွဲက ထင်ထားတဲ့အတိုင်း အတော်လေး ကြည့်လို့ကောင်းပြီးတော့ ဒုတိယပိုင်းမှသာ ဂိုးတွေ မြင်တွေ့လာခဲ့ရတယ်။ ဒီပွဲရဲ့ ပထမဆုံးဂိုးကို ဒဏ်ရာရသွားတဲ့ ပတ်ဒရီနေရာ အစားဝင်လာသူ အော်လ်မိုက ယာမဲလ်ရဲ့ ဖန်တီးမှုကနေ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာပဲ ဖလော်ရီယန် ဗက်ဇ်က ပြန်ချေပခဲ့လို့ (၁)ဂိုးစီသရေနဲ့ အချိန်ပို ဆက်ကစားရပါတော့တယ်။ အချိန်ပိုမှာ မိုရာတာ ယာမဲလ် ဝီလီယံစ်တို့ တိုက်စစ်(၃)ဦးလုံး မရှိတော့တဲ့ စပိန်က ပိုအခက်တွေ့ရတော့မယ်လို့ ထင်ခဲ့ရပေမယ့်လည်း လူစားဝင် ကွင်းလယ်လူ မာရီနိုက အနိုင်ဂိုးကို အချိန်ပို ဒုတိယပိုင်း ပြီးခါနီးလောက်မှာ သွင်းယူခဲ့လို့ စပိန်တို့ ဆီမီး ဖိုင်နယ်ဆီ တက်လှမ်းခွင့် ရသွားခဲ့ပါတယ်။

france beats portugal

Photo Credti: Daily Mail

မနက်အစောပိုင်း (၁)ခွဲပွဲမှာ ဒိုလေးရဲ့ ပေါ်တူဂီနဲ့ လိပ်နင်ဂျာ ဘာပေရဲ့ ပြင်သစ်တို့ ဆုံတွေ့ကြပါတယ်။ ဒီပွဲက စပိန်နဲ့ ဂျာမနီပွဲကလို vibe မျိုး မရပေမယ့်လည်း ကြည့်လို့တော့ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲကလည်း သာမန်ပွဲချိန်မှာရော အချိန်ပိုနာရီဝက် ထပ်ကစားချိန်မှာပါ လုံးဝ ဂိုးမသွင်းကြလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတဲ့အထိ ရောက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၆)သင်းအဆင့်တုန်း ပေါ်တူဂီ ဂိုးသမား ကော်စတာက ယူရိုပြိုင်ပွဲမှာ စံချိန်သစ် တင်သွားရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပေမယ့်လည်း အခု ပင်နယ်တီ အဆုံးအဖြတ်မှာတော့ တစ်လုံးမှ မပုတ်နိုင်ခဲ့သလို ဂျာအို ဖီးလစ်ကပါ ဂိုးတိုင်ထိအောင် ကန်ခဲ့မိလို့ ပြင်သစ်တို့က ယူရို-၂၀၁၆ ဖိုင်နယ်ရှုံးကြွေးကို ပြန်ဆပ်သွားနိုင်ခဲ့ရပါတယ်။

spain v france semi final

Photo Credit: UEFA Euro 2024

ဒါကြောင့် စပိန်နဲ့ ပြင်သစ်တို့က ဆီမီး ဖိုင်နယ်မှာ ဆုံတွေ့ကြပါတော့မယ်။ ဒီပွဲမှာ အနိုင်ရမယ့်အသင်းက ချန်ပီယံ ဖြစ်လာဖို့လည်း ရာခိုင်နှုန်း ပိုများသွားလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် စပိန်က ဂျာမနီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ပွဲမှာ မိုရာတာ ကာဗာဟယ်နဲ့ လီနော်မန်တို့ အဝါကတ် အနီကတ်တွေ ပြသခံခဲ့ရတာကြောင့် ပြင်သစ်နဲ့ပွဲကို လွဲချော်ရတော့မှာ ဖြစ်သလို ဒဏ်ရာရထားတဲ့ ပတ်ဒရီလည်း ပါဝင်နိုင်ဖို့ ခဲယဉ်းပါမယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေ မပါဝင်နိုင်သည့်တိုင်အောင် စပိန်က ပြင်သစ်ထက် ပိုကောင်းတဲ့အသင်း ဖြစ်နေလို့ ဒီပွဲဟာလည်း အလွန်ကို စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပါတယ်။

Featured Photo: B/R Football