ဘရာဇီးလ်လို ပြောလိုက်ရင် သူတို့နိုင်ငံကနေ ထွက်ပေါ်တက်တဲ့ တန်ဖိုးကြီးမား သယံဇာတတွေထဲမှာ ဘောလုံးသမားတွေလည်း ပါဝင်တယ်လို့ ဆိုရပါမယ်။ ပီလီကစလို့ ရီမာရီယို ၊ ရော်နယ်လ်ဒိုကြီး ၊ ရော်နယ်လ်ဒင်ဟို ၊ ရီဗယ်လ်ဒို ၊ ကာကာတို့လို ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမားတွေ စဉ်ဆက်မပြတ် ပေါ်ထွက်ခဲ့ပြီး အဲ့ဒီကစားသမားတွေထဲမှာ နေမာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် နေမာ ကတော့ တစ်ဦးချင်း အောင်မြင်မှုတွေမှာ သူရဲ့ ဂျူနီယာကြီးတွေလောက် မယှဉ်နိုင်အောင် ဖြစ်နေရပါတယ်။ အကြောင်းအရင်းကတော့ ဒဏ်ရာတွေ မကြာခဏ ရရှိခြင်းကြောင့်ပါပဲ။
Photo Credit: Marca
နေမာ ဒဏ်ရာတွေ ခဏခဏ ရတက်တာက သူရဲ့ ကစားဟန်ကြောင့် ပြိုင်ဘက်ကစားသမားတွေက သူ့ကို အမြင်ကပ်ပြီး ကစားပုံတွေ ကြမ်းလာတာကြောင့်လို့ ပြောကြပါတယ်။ ဒါက မှန်သင့်သလောက် မှန်တယ်လို့ ဆိုနိုင်ပေမယ့် မလိုအပ်ပဲ ပလာတာများနေတာမျိုးထက် နေမာဆိုတာနဲ့ကို အလိုလို ကြည့်မရတွေ ဖြစ်လာပြီး ကြမ်းမယ် ပိုင်းမယ်တွေ ဖြစ်လာပါရော။ ဒါကြောင့် နေမာလည်း သူရဲ့ ကစားသမားဘဝအတွင်းမှာ ဒဏ်ရာဆိုးတွေကြောင့် ဘာစီလိုနာမှာ ကစားစဉ်ကနေ စတင်ပြီး လက်ရှိအချိန်ထိ ရက်ပေါင်း (၁၁၆၅)ရက် အထိတောင် အနားယူခဲ့ရပါတယ်။
Photo Credit: The Sun
အခုလည်း နေမာဟာ ဘောလုံးသမားတိုင်းရဲ့ အိမ်မက်ဆိုးကြီးဖြစ်တဲ့ ACL ဒဏ်ရာပါ ရထားတာကြောင့် အောက်တိုဘာလ အလယ်လောက်ကတည်းကနေ တောက်လျှောက် အနားယူနေခဲ့ရတာဖြစ်ပြီး နေမာအနေနဲ့ ဒီဒဏ်ရာဆိုးကြီးကနေ ပြန်လည် သက်သာလာဖို့နဲ့ ပွဲတွေ ပြန်ကစားနိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ “ကျွန်တော် ဒီဒဏ်ရာကို ခံစားခဲ့ရတဲ့ အချိန်မှာ ခက်ခဲခဲ့တဲ့ နေ့ရက်တွေ ကစားသမားဘဝကို စွန့်လွတ်လိုက်ချင်စိတ်ဖြစ်တဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ဒါတွေ အားလုံးကို ကျော်ဖြတ်ဖို့ဆိုတာကလည်း တကယ် ခက်ခဲပါတယ်။ ဒါပေမယ့် နေ့ရက်တိုင်းအတွက် ကျွန်တော် တိုက်ပွဲဝင်သွားပါမယ်။” လို့ နေမာ က ပြောဆိုထား ခဲ့ပါတယ်။
Photo Credit: Goal
ဘရာဇီးလ် စူပါစတားကြီး နေမာဟာ အခုဆိုရင် အသက် (၃၂)နှစ် အရွယ်လည်း ရှိနေပြီ ဖြစ်သလို ဆော်ဒီကလပ်ဖြစ်တဲ့ အယ်လ်ဟီလာမှာ (၁)နှစ်စာချုပ် ရှိနေသေးတာမို့ ဒဏ်ရာကနေ သက်သာလာပြီ ဆိုတာနဲ့ အယ်လ်ဟီလာနဲ့အတူ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ဖြတ်သန်းရပါတော့မယ်။ နေမာ အနေနဲ့ ဒဏ်ရာသက်သာသွားလို့ အယ်လ်ဟီလာအတွက် ပြန်ကစားပေးမယ်ဆိုရင်လည်း ဘယ်နှပွဲလောက် ကစားအပြီးမှာပဲ ဒဏ်ရာ ထပ်ရသွားဦးမလဲဆိုတာကို ရင်တမမနဲ့ပဲ စောင့်ကြည့်ရပါတော့မယ်။
Featured Photo: Marca