မနေ့ညက ချယ်လ်ဆီးအသင်းဟာ ဝုလ်ဗ်ကို အဝေးကွင်းမှာ (2-6)ဆိုတဲ့ ရလဒ်ကြီးနဲ့ အပြတ်အသတ် အနိုင်ယူသွားခဲ့တယ်။ ပထမပိုင်း ကစားပုံအရဆိုရင် ချယ်လ်ဆီးက နိုင်မယ်ဆိုရင်တောင် ဂိုးတွေ အပြန်အလှန် သွင်းကြရင်းနဲ့ပဲ နိုင်သွားမယ်လို့ ထင်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချယ်လ်ဆီးဟာ ဝုလ်ဗ်ကို အကောင်းဆုံး ထိန်းချုပ်သွားခဲ့ပြီး ဂိုးတွေ တဒိုင်းဒိုင်းသွားရင်းနဲ့ ဂိုးပြတ်ရလဒ်ပါ ထွက်ပေါ်လာခဲ့ ရပါတယ်။

noni

Photo Credit: Chelsea Photo’s X

ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ အမြောက်အများ လုပ်ဆောင်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အစပိုင်းကတော့ ဘယ်သူဘယ်ဝှာမှန်းတောင် မသိရတဲ့ ကစားသမားတွေကို ခေါ်ယူနေရာကနေ နောက်ပိုင်းမှာတော့ ပတ်ဒရို နက်တိုနဲ့ ဂျာအို ဖီးလစ်တို့လို ထိပ်တန်း ကစားသမားကောင်းတွေကို ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။ နေက်ပြီး ဒီနွေမှာ အသင်းကနေ ထွက်ခွာရနိုင်တယ်လို့ သတင်းမွှေးနေတဲ့ နွန်နီ မာဒူအက်ခေးကလည်း ဒီရာသီမှာ ချယ်လ်ဆီးအတွက် မထင်ထားလောက်အောင်ကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

neto and felix

Photo Credit: Chelsea Photo’s X

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရသလို ကွင်းလယ်ဒိုင် အန်တိုနီ တေလာရဲ့ 92 ကြောင်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရှုံးပွဲကြုံလိုက်ရတဲ့ ချယ်လ်ဆီးက ဝုလ်ဗ်နဲ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာလည်း ဂိုးသွင်းလိုက် ဂိုးပြန်ပေးလိုက်နဲ့ (၂)ဂိုးစီ သရေကျနေခဲ့ရာကနေ ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးဟာ လုံးဝကို ပြောင်းလဲသွားပြီးတော့ ဝုလ်ဗ်အသင်းကလည်း ချယ်လ်ဆီး လုပ်သမျှ ခံရပါတော့တယ်။ ဒုတိယပိုင်းမှာ မာဒူအက်ခေးက ချယ်လ်ဆီးအတွက် ဟက်ထရစ် သွင်းတယ်။ သူရဲ့ ဂိုးတိုင်းကို ပါလ်မာက ဒိုင်ခံ ဖန်တီးပေးရင်း ပါလ်မာလည်း ဂိုးဖန်တီးမှု ဟက်ထရစ် ရသွားတယ်။ ပြီးတော့ ကစားသမားသစ် ဂျာအို ဖီးလစ် ဝင်လာပြီး (၆)ဂိုးမြောက် ဂိုးကိုပါ သွင်းယူရင် သွင်းဂိုး ဈေးဦးပေါက်သွားခဲ့ပါတယ်။

enzo maresca

Photo Credit: Chelsea Photo’s X

ဒီနိုင်ပွဲက ချယ်လ်ဆီးအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲလည်း ဖြစ်ပြီးတော့ အသင်းနည်းပြ အင်ဇို မာရက်စ်ကာအတွက်လည်း ဖိအားတွေ အတော်အသင့် လျော့နည်းသွားခဲ့ရပါတယ်။ နောက်ပြီး ကစားသမားသစ်တွေ အပီအပြင် ခေါ်ယူထားတဲ့ ချယ်လ်ဆီးရဲ့ အသင်းပိုင်ရှင်တွေအတွက်လည်း စိတ်ကျေနပ်စရာ ရလဒ် ဖြစ်စေခဲ့သလို အသင်းပရိသတ်တွေ အတွက်လည်း အလွန်ကို ချိုမြိန်စေရတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

Featured Photo: Chelsea Photo’s X