၂၀၂၄ခုနှစ် ဘာလွန်းဒေါဆုတွက် အယောက် (၃၀) ဆန်ကာတင်စာရင်း ထွက်ပေါ်လာခဲ့ရာ ရီးယဲလ် မက်ဒရစ်က ရိုဒရီဂိုနဲ့ ဘိုင်ယန်မြူးနစ်က မူစီအာလာတို့ကလွဲရင် nominee lists ထဲ ပါဝင်လာတဲ့ အယောက် (၃၀)လုံးက တကယ်ကို ရွေးချယ်သင့်တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ ဒီထဲကမှ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ရိုဒရီ နဲ့ ရီးယဲလ် မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်တို့ကတော့ ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။

2024 ballon d'or nominee

Photo Credit: Goal

ဘာလွန်းဒေါဆုလို့ ခေါ်ကြတဲ့ ရွှေဘောလုံးဆု ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဟာ အများအားဖြင့် တိုက်စစ်ကစားသမားတွေသာ ဆွတ်ခူးတက်ကြတဲ့ ဆုတစ်ဆု ဖြစ်ပြီးတော့ ဒီဆုကို အများဆုံး ပိုင်ဆိုင်ထားတဲ့ လီယွန်နယ် မက်ဆီရော ဒုတိယ အများဆုံး ပိုင်ဆိုင်ထားတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပါ တိုက်စစ်ကစားသမားတွေ ဖြစ်နေသလို အခုလည်း ဒီဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဗင်နီစီယပ်စ်ပါ တိုက်စစ်ကစားသမားတစ်ဦး ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း အခု ဘာလွန်းဒေါဆုအတွက် အပြိုင်ဖြစ်နေကြတဲ့ ရိုဒရီ နဲ့ ဗင်နီစီယပ်စ်တို့ကြားမှာ ကွင်းလယ်လူ ရိုဒရီထက် ဗင်နီစီယပ်စ်ကပဲ ပိုရေပန်းစားတာ ဖြစ်ပါတယ်။

rodri

Photo Credit: Goal

ဒီဆုနဲ့ ပတ်သက်ပြီးတော့ ရိုဒရီ က “Ballon d’Or ဆုကို ဆွတ်ခူးဖို့က ကျွန်တော့်အတွက် အိမ်မက်တစ်ခုပါပဲ။ ဒါက ဂုဏ်ယူစရာတစ်ခု ဖြစ်လာမှာပါ။ ဇာဗီတို့ အင်နီယေစတာတို့လို ကစားသမားတွေတောင် မရခဲ့တဲ့ ဆုကို ကျွန်တော် ဘယ်လိုရနိုင်မလဲ မေးလာကြတဲ့အခါ ဒါကိုလည်း ကျွန်တော် လက်ခံပါတယ်။ သူတို့က ခေတ်တစ်ခေတ်ကို ဖော်ပြနိုင်ခဲ့ပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်နိုင်ခဲ့ကြပေမယ့် ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ လွှမ်းမိုးနေတဲ့အချိန်မှာမှ ဒီကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါ။ တကယ်လို့ ဘာလွန်းဒေါဆုသာ ဆွတ်ခူးနိုင်မယ်ဆိုရင် ကျွန်တော့်အတွက်နဲ့ စပိန်အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ စပိန် ကစားသမားတစ်ယောက်က ဒီဆုကို နောက်တစ်ကြိမ် ရရှိမယ်ဆိုရင် မယုံနိုင်လောက်စရာ အသိအမှတ်ပြုမှုတစ်ခု ဖြစ်လာမှာပါ။”

rodri vs vinicius

Photo Credit: Khel Now

“လူတွေက ကျွန်တော် ဗင်နီစီယပ်စ်နဲ့ ပြိုင်ရမယ်လို့ ပြောတယ်။ သူ့ကို ကျွန်တော် တကယ် လေးစားပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားပါ။ ဒီလို ရေပန်းစားနေတာနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ဆောင်ခဲ့တာတွေ အားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဆန်ကာတင်စာရင်းမှာလည်း ကစားသမားတွေ အများကြီး ပါနေသေးတာဖြစ်လို့ ဘောလုံးပရိသတ်တွေက ဘယ်သူ့ကို မဲပေးရွေးချယ်မလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။ လူတွေကတော့ ကျွန်တော့်ကို ဘာလွန်းဒေါဆု ရသင့်တယ် ဒီဆုနဲ့ ထိုက်တန်တယ်လို့ ပြောနေကြတာနဲ့တင် ကျွန်တော်က winner တစ်ယောက်လိုမျိုး ခံစားနေရပါပြီ။ ဒီလို ဖြစ်လာမယ်လို့ အိမ်မက်တောင် မမက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီး ယုံကြည်မှုတွေ ထားခဲ့တာကြောင့် အခုလို ဖြစ်လာခဲ့တာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo: Transfermarket