လူတိုင်းအတွက် ကျန်းမာရေး အိမ်မက်ဆိုးက ကင်ဆာရောဂါဆိုရင် ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကတော့ ACL လို့ ခေါ်တဲ့ ဒူးအရွတ်စုတ်ပြဲခြင်း ဒဏ်ရာပါပဲ။ ဒီဒဏ်ရာကြီးကိုသာ ရလိုက်မယ်ဆိုရင် အဲ့ဒီကစားသမားက ကာလရှည်ကြာ အနားယူရမယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာချိန်မှာလည်း အရင်လို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ဆိုတာ မသေချာတော့ဘူး။ ဒီလို အခြေအနေတွေကြောင့် ACL ဆိုတာက ဘောလုံးသမားတိုင်းအတွက် တကယ့်ကို အိမ်မက်ဆိုးတစ်ခုပါ။

rodri vs arsenal

Photo Credit: Football365

ဒီနောက်ပိုင်းမှာ ဘောလုံးပွဲတွေက တစ်ရာသီအတွင်း ပွဲပေါင်းများစွာ ကျင်းပလာတာကလည်း ဘောလုံးသမားတွေအတွက် ဒဏ်ရာ အနာတရတွေ ရရှိဖို့ ပိုမို နီးစပ်လာတဲ့ အခြေအနေမျိုး ဖြစ်လာရပါတယ်။ ဒါကြောင့်လည်း အခုနှစ် ဘောလုံးရာသီ စတင်ပြီး သိပ်မကြာသေးချိန်မှာပဲ ကာလရှည် အနားယူရတဲ့ ကစားသမား အရေအတွက်တွေက များပြားလာရတာ ဖြစ်ပါတယ်။ မနေ့ကပဲ ဘာစီလိုနာ ဂိုးသမား တာစတီဂန်ရဲ့ ဒဏ်ရာအကြောင်း ဖော်ပြထားခဲ့သလို ဒီနေ့မှာလည်း မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ACL အကြောင်းကို စိတ်မကောင်းစွာနဲ့ ဖော်ပြရပါဦးမယ်။

rodri

Photo Credit: TEAMtalk

ရိုဒရီဆိုတာ မန်စီးတီးနဲ့ စပိန်အသင်းတို့ရဲ့ အဓိက အကျဆုံး ကစားသမား။ ၂၀၂၄ ဘာလွန်းဒေါဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ဗင်နီစီယပ်စ် ဘယ်လင်ဟမ်တို့နဲ့အတူ ဒီဆုကြီးကို ပိုင်ဆိုင်နိုင်ဖို့ ရေပန်းစားနေတဲ့သူ။ အခုတော့ ဘောလုံးရာသီအစ ပွဲစဉ် (၅)ပွဲလေးသာ ကစားထားရချိန်မှာတင် ရိုဒရီက သူ့ကစားသမားဘဝမှာ တစ်ခါမှ မရဖူးသေးတဲ့ ACL ဒဏ်ရာဆိုးကြီးကို ခံစားလိုက်ရပြီ ဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ရှိနေတဲ့ ရိုဒရီက သူရဲ့ ကစားသမားဘဝထဲ တံကောက်ကြောဒဏ်ရာ ကြွက်သားဒဏ်ရာတွေကြောင့် မန်စီးတီးရဲ့ ပွဲပေါင်း (၈)ပွဲလေးသာ လွဲချော်ခဲ့ဖူးတာဖြစ်ပြီး အခုတော့ အနည်းဆုံး (၈)လလောက်အထိတောင် အနားယူသွားရနိုင်ပါတယ်။

rodri acl injury

Photo Credit: The Independent

ရိုဒရီကိုယ်တိုင်က အခုလို ACL မဖြစ်ခင်မှာပဲ ဘောလုံးပွဲတွေ အရမ်းများလာခြင်းဟာ ကစားသမားတွေအတွက် ဆိုးကျိုးတွေ ဖြစ်စေရတယ်ဆိုပြီး ရှေ့ထွက် ပြောဆိုခဲ့သလို ဘာလွန်းဒေါဆုပါ ရရှိပြီး ကစားသမားဘဝရဲ့ အထွတ်အထိပ် ရောက်လာချိန်မှ ဒီလို ဒဏ်ရာကြီး ရလိုက်တာဟာ အလွန်ကို ဆိုးရွှားလွန်းတယ်လို့ ဆိုရပါမယ်။ ရိုဒရီအနေနဲ့ ဒီဒဏ်ရာကနေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့နဲ့ သက်သာလာရင်လည်း အရင်လို ခြေစွမ်းမျိုးတွေ ပြန်ပြသနိုင်ပါစေလို့ပဲ ဆုတောင်းပေးရပါတော့မယ်။

Featured Photo: Sky Sports