အသက်ကြီး လာရင် ခန္ဓာကိုယ် လှုပ်ရှားလည်ပတ်မှု စနစ်တွေက နှေးကွေးပြီး လေးလံလာတာ သဘာဝပါပဲ။ အရိုးအဆစ်တွေရဲ့ သန်မာမှု လျှော့ကျလာမယ် ၊ ကြွက်သားတွေ ဆုံးရှုံးလာမယ် ၊ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုတွေ ကျဆင်းလာမယ် စသည်ဖြင့်ပေါ့။ ဒီလို အသက်အရွယ်အရ ကြုံတွေ့ရမယ့် နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်လွဲလို့ မရနိုင်ပေမယ့် နေ့စဉ်ပုံမှန် လှုပ်ရှားတက်ကြွစွာ နေထိုင်မယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ငယ်ရွယ်နုပျိုနေမှာ အမှန်ပါပဲ။ ဒီဆောင်းပါးမှာတော့ အသက်ကြီးရဲ့ လက္ခဏာရပ်တွေကို နှေးကွေးအောင် လုပ်ဆောင်ပေးမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပေးပါမယ်။

(၁) Cat-Cow Stretch

Cat-Cow Stretch

Photo : Eat This Not That

ဒီလေ့ကျင့်ခန်းကတော့ ကျောရိုးတစ်လျှောက် လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေဖို့ ပံ့ပိုပေးပါတယ်။ အရိုးအဆစ်တွေ တင်းကျပ်တာ ၊ ခါးအောက်ပိုင်း မသက်မသာ ခံစားရတဲ့ ပြဿနာတွေကို ကုသပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ Cat-Cow Stretch ကို ပုံမှန် ကစားမယ်ဆိုရင် ခန္ဓာကိုယ်ဟာ ပိုမိုသွက်လက်စွာ လှုပ်ရှားနိုင်စေမှာဖြစ်ပြီး ကိုယ်ဟန်အနေအထားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

(၂) Chair-Assisted Squats

Chair-Assisted Squats

Photo : Eat This Not That

Squats ကတော့ ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ Chair-Assisted Squats က  ထိုင်ခုံရဲ့ အကူအညီနဲ့ ကစားရတဲ့အတွက် ခြေထောက်နဲ့ တင်ပါးဆုံ ကြွက်သား အစိတ်အပိုင်းတွေရဲ့ ကြံ့ခိုင်သန်မာမှုနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေပြီး နောက်ကျောအောက်ပိုင်း ကြွက်သားတွေရဲ့ တင်းမာမှုကို ပြေလျော့သက်သာ စေနိုင်ပါတယ်။

(၃) Seated Spinal Twist

Seated Spinal Twist

Photo : Eat This Not That

အသက်ကြီး လာတဲ့အခါ အများဆုံး ကြုံတွေ့ရတဲ့ ပြဿနာက ခါးအောက်ပိုင်း လှုပ်ရှားမှုကောင်းကောင်း မလုပ်နိုင်တာပါ။ ခါးနာတာ ၊ ခါးအောက်ပိုင်း တင်းကြပ်တဲ့ ပြဿနာတွေကို ကာကွယ်ကုသပေးနိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ Seated Spinal Twist လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခါးနဲ့ ပင်မကျောရိုးတစ်လျှောက်လုံးရဲ့ ပျော့ပြောင်းမှုကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ် အလုံးစုံလှုပ်ရှားမှုကို တိုးတက်စေဖို့ ပံ့ပိုးပေးပါတယ်။

(၄) Glute Bridge

Glute Bridge

Photo : Eat This Not That

ဝမ်းဗိုက် ၊ နောက်ကျောနဲ့ တင်ပါးဆုံးကြွက်သားတွေကို အားကောင်းစေဖို့အတွက် အကောင်းဆုံး လှုပ်ရှားမှုတစ်ခုကတော့ Glute Bridge ဖြစ်ပါတယ်။ Glute Bridge လေ့ကျင့်ခန်းက အချိန်ကြာကြာ ထိုင်ခုံမှာထိုင်ပြီး အလုပ်လုပ်ရသူတွေ ၊ အထိုင်များသူတွေအတွက် အထူးသင့်လျော်တဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး တင်ပါးဆုံ အဆစ်နဲ့ ခါးအဆစ်တွေရဲ့ ပျော့ပြောင်းမှုနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေသလို အသက်ကြီး လာတာနဲ့အမျှ ဝမ်းဗိုက်ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုကို လျော့ကျလာတဲ့ ပြဿနာကိုလည်း ကာကွယ်ပေးပါတယ်။

Source : Eat This Not That

Featured Photo : Morada Senior Living