ယနေ့ခေတ်မှာ ယောဂလေ့ကျင့်ခန်းကို အမျိုးသားအမျိုးသမီးမရွေးလုပ်ဆောင်လာကြပါတယ်။ ယောဂလေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါကျန်းမာရေးအတွက်အထောက်အကူများစွာဖြစ်စေပါတယ်။ ယောဂလေ့ကျင့်ခန်းကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အရွယ်တင်နုပျိုစေတယ်

Source : Adam Husler
ယောဂလေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေဟာ သာမာန်အမျိုးသားတွေထက်ကိုပိုပြီး နုပျိုလှပမှုရှိစေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ အမျိုးသားတွေအနေနဲ့ နေစဉ်နဲ့အမျှ အလုပ်ရဲ့ ဖိအားတွေ ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားဒဏ်တွေ ၊ အသောက်အစားမကင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုတွေကို ယောဂလေ့ကျင့်ခန်းကအကောင်းဆုံး ကုစားပေးမှာဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ အဓိကအားဖြင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့အတွက် စိတ်ပျိုကိုယ်နုဖြစ်ကာ နေ့ရက်တိုင်းက လန်းဆန်းလှပနေမှာ ဖြစ်ပါတယ်။
(၂) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Coach Mag
ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အကြောတွေအားလုံးကို ဖြေလျော့စေပြီး အသက်ရှုသွင်းရှုထုတ်ရတဲ့နည်းကို အခြေခံပြုလုပ်ရတာဖြစ်တဲ့အတွက် စိတ်တည်ငြိမ်အေးချမ်းစေကာ စိတ်ဖိစီးမှုတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။ အသက်ရှုသွင်းလိုက်တဲ့ အချိန်တိုင်းမှာလည်း ဦးနှောက်အတွင်းသို့ သန့်စင်တဲ့ အောက်စီဂျင်များ ဝင်ရောက်လာတာကြောင့် စိတ်ကိုကြည်လင် လန်းဆန်းစေတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့ အမျိုးသားတွေ အနေနဲ့ ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
(၃) နှလုံးကျန်းမာရေး ကောင်းမွန်စေတယ်

Source : Evening Standard
အသက်ရှုခြင်းကို အခြေခံတဲ့ ယောဂကစားနည်းဟာ နှလုံးခုန်နှုန်းကိုထိန်းညှိပေးကာ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့ ဆက်စပ်နေတဲ့ အဆုတ်ကျန်းမာရေးကိုလည်း အများကြီးအထောက်အကူ ဖြစ်စေမှာဖြစ်ပြီး သွေးလည်ပတ်မှုကောင်းစေကာ သွေးတိုး ဆီးချိုစတဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းက မလိုလားအပ်တဲ့အဆိပ်အတောက်တွေကို ပြေစေတဲ့အပြင် ကိုယ်လက်စထရော ပမာဏကိုလည်း လျော့ချပေးမှာ ဖြစ်ပါတယ်။
(၄) ကိုယ်အလေးချိန်ကျစေတယ်

Source : Good News from Finland
အမျိုးသားအများစု အသက် ၃၀ ကျော်လာတာနဲ့ အမျှ ခန္ဓာကိုယ်မှာမလိုလားအပ်တဲ့ အဆီပိုတွေ စုပုံလာတတ်ပါတယ်။ ကိုယ့်အနေနဲ့ အချိန်အများကြီးပေးပြီး ပင်ပင်ပန်းပန်းပြုလုပ်ရမယ့် အားကစားနည်းတွေကို မနှစ်သက်ဘူးဆိုရင်တော့ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ဘော်ဒီဝိတ်ကို ထိန်းညှိနိုင်မှာ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုဒဏ်ကိုလည်း လျော့ကျစေနိုင်တာကြောင့် မလိုလားအပ်တဲ့ အဆီပိုတွေကိုကျစေကာ သွယ်လျလှပစေမှာဖြစ်ပါတယ်။
