အပြေးသမားတစ်ယောက်အနေနဲ့ ညအိပ်ရာမဝင်အချိန်မှာ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အရာတွေရှိပါတယ်။ ကျန်းမာတဲ့ဘဝဟန်ချက်ညီမှုရှိဖို့ ၊ ထိခိုက်ဒဏ်ရာရရှိမှုနည်းစေဖို့ ၊ လေ့ကျင့်မှုပိုမိုအားကောင်းလာစေဖို့ စတဲ့အချက်တွေအပေါ်အထောက်အပံ့ဖြစ်စေမယ့် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီတော့ အပြေးသမားတွေ အိပ်ရာမဝင်ခင်မှာ ဘယ်အချက်တွေလုပ်ဆောင်ဖို့လိုမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ရာသီဥတုအခြေအနေကိုစစ်ဆေးပါ

Source : ESR

အပြေးသမားတစ်ယောက်အတွက် အရေးကြီးဆုံးအရာတွေထဲမှာ ရာသီဥတုက ထိပ်ဆုံးကပါတယ်လို့ပြောနိုင်ပါတယ်။ မနက်ဖြန်မှာ နေသာမလား သို့မဟုတ် မိုးရွှာနိုင်မလားဆိုတာ ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ ရာသီဥတုဆိုးရွားတဲ့အခြေအနေမှာ အပြေးလေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် နေထိုင်မကောင်းဖြစ်နိုင်သလို တစ်ခါတစ်ရံ အန္တရာယ်ရှိတဲ့အခြေအနေတွေနဲ့လည်း ကြုံနိုင်ပါတယ်။ ဒါကြောင့်အိပ်ရာမဝင်ခင်မှာ ရာသီဥတုအခြေအနေကို စစ်ဆေးကြည့်ပါ။

(၂) အဝတ်အစားကိုသေချာရွေးချယ်ပါ

Source : Freepik

ရာသီဥတုအခြေအနေကို စစ်ဆန်းပြီးပြီဆိုရင် မနက်ဖန်ရာသီဥတုနဲ့ ကိုက်ညီမယ့် အဝတ်အစားကိုလည်း တစ်ခါတည်းပြင်ဆင်ထားသင့်ပါတယ်။ ရာသီဥတုပူနိုင်ခြေရှိတယ်ဆိုရင် သက်တောင့်သက်သာရှိစေမယ့် ဘောင်းဘီတို အင်္ကျီလက်ပြတ်ကိုရွေးချယ်သင့်ပြီး ရာသီဥတုအေးနိုင်တယ်ဆိုရင် အားကစားဘောင်းဘီရှည် အင်္ကျီလက်ရှည်တို့ကိုရွေးသင့်ပါတယ်။ အိပ်ရာမဝင်ခင်ကတည်းက အဝတ်အစားကိုကြိုတင်ပြင်ဆင်ထားတာဟာ နောက်တစ်နေ့အားကစားလုပ်ရာမှာ အချိန်ကုန်သက်သာစေမှာလည်းဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ အပြေးလေ့ကျင့်ရာမှာယူသွားလေ့ရှိတဲ့ ရေဘူးကိုလည်း ညကတည်းက ရေဖြည့်ထားဖို့ အကြံပြုချင်ပါတယ်။

(၃) ဖုန်း / နာရီ / နားကျပ်တွေကိုအားသွင်းထားပါ

Source : Reddit

အပြေးလေ့ကျင့်ခန်းလုပ်ရာမှာ မပါမဖြစ်ယူဆောင်သွားရမယ့် ဖုန်း / GPS နာရီ / Bluetooth နားကျပ်စတဲ့ ကိရိယာတွေကို အိပ်ရာမဝင်ခင်အချိန်ကတည်းက အားသွင်းထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း နောက်တစ်နေ့ မနက်ခင်းအတွက် လေ့ကျင့်ခန်းလုပ်ရာမှာ အဆင်သင့်ဖြစ်နေမှာပါ။ မနက်ခင်းပြေးခါနီးမှာ အားသွင်းမယ်ဆိုရင် အချိန်လည်း ပိုကုန်စေသလို ဘက်ထရီအပြည့်မရတဲ့အခါ လမ်းခရီးတဝက်မှာ အားကုန်သွားတာကဲ့သို့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

(၄) အကြောလျော့ပေးပါ

Source : Masala

အိပ်ရာမဝင်ခင်မှာ အကြောလျော့ပေးတာက ကြွက်သားတွေကိုပျော့ပျောင်းစေပြီး နာကျင်ကိုက်ခဲမှုတွေလျော့ကျစေပါတယ်။ အိပ်စက်တဲ့အခါမှာလည်း ပိုမိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တဲ့အတွက် နောက်တစ်နေ့အတွက် လုံလောက်တဲ့စွမ်းအင်တွေကို ရရှိစေမှာပါ။ အပြေးသမားတစ်ယောက်ရဲ့ အိပ်ရာထချိန်မှာ နာကျင်ကိုက်ခဲမှုမရှိဘဲ လန်းလန်းဆန်းဆန်းနိုးထလာနိုင်ဖို့က အဓိကကျပါတယ်။

(၅) ကိုယ့်ရည်မှန်းချက်ကိုအမြဲသတိပေးပါ

Source : Zava

သင့်အနေနဲ့အိပ်ရာမဝင်ခင်မှာ ၂ မိနစ်လောက်အချိန်ပေးပြီး ကိုယ့်ကိုယ်ကို မေးခွန်းလေးတွေ ပြန်မေးကြည့်ပါ။ သင်ကဘာအတွက် အပြေး လေ့ကျင့်ခန်းကို တစိုက်မတ်မတ်ပြုလုပ်နေတာလဲ။ သင့်ရဲ့ရည်မှန်းချက်ကဘာလဲ။ ပရော်ဖက်ရှင်နယ် အပြေးသမားတစ်ယောက်အဖြစ်ပြိုင်ပွဲဝင်ဖို့လည်း ၊ ဝိတ်ကျချင်လို့လား ၊ ကျန်းမာတဲ့လူနေမှုဘဝကိုရေရှည်ထိန်းထားချင်လို့လား စသည်ဖြင့်ကိုယ့်ရဲ့ရည်မှန်းချက်ကို အမြဲ ပြန်သတိပေးပါ။ ဒါမှလည်း စိတ်ဓာတ်ပိုမိုတက်ကြွလာပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ခွန်အားတွေရစေမှာပါ။