ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အချိန်အကြာကြီး အလုပ်လုပ်ရတဲ့ ယောကျာ်းများအတွက် ခါးနာခြင်းသည် တစ်ချိန်မဟုတ် တစ်ချိန် ခံစားရမယ့် ဝေဒနာတစ်ခုပဲဖြစ်ပါတယ်။ ပြင်းထန်သော လေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန်ပြုလုပ်မိခြင်း၊ လေ့ကျင့်ခန်းပြုလုပ်မှု နည်းစနစ် မမှန်ကန်ခြင်းတို့ကြောင့်လည်း ခါးနာတတ်ပါတယ်။
ခါးနာခြင်းကို အချိန်အကြာကြီး မကုသဘဲ ပစ်ထားပါက ရောဂါအခြေအနေ ပိုမိုပြင်းထန်လာပြီး ခါးရိုးခွဲစိတ်ရသည်အထိ ပြင်းထန်တတ်ပါတယ်။ ဒါ့ကြောင့် ရောဂါအခြေအနေ မဆိုးဝါးခင်ကတည်းက စနစ်တကျကုသသင့်ပါတယ်။
ခါးနာခြင်းကို ပျောက်ကင်းသက်သာအောင် ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအချို့ရှိပါတယ်။
လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ပေါ်တွင် ခါးကို ဖြောင့်ဖြောင့်ဆန့်တန်းထားပြီး လှဲလောာင်းနေပါ။ သဘက် (သို့) လေ့ကျင့်ခန်းပြုလုပ်သည့်ကြိုးကို ခြေဖနောင့်တွင် ထားထားပြီးနောက် လက်နှစ်ဖက်က ကြိုးကို ဆွဲယူကာ ခြေထောက်ကို အပေါ်သို့ မြှောက်လိုက်ပါ။ ခြေထောက်ကို ကွေးမသွားအောင် ပြုလုပ်ရပါမယ်။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပြီးပါက အခြားခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း ပြုလုပ်သည့် ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ညာခြေကို ဆန့်တန်းထားပြီး ဘယ်ဒူးကွေးကာ လက်နှစ်ဖက်က ဒူးကို ကိုင်ထားပါ။ ထို့နောက် ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။ ကျန်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်းပြုလုပ်သည့် ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ဒူးနှစ်ဖက်က ထောင်ထားပါ။ ထို့နောက် ဘယ်ဘက်ခြေကျင်းဝတ်ကို ညာဘက်ဒူးပေါ်တွင် တင်ထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်က ညာဘက်ပေါင်ကို လှမ်းဆွဲကာ ရင်ဘတ်ဆီသို့ ဆွဲယူလိုက်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွစရာမလိုပါဘူး။
လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး ဒူးထောက်လိုက်ပါ။ ပေါင်နှစ်ချောင်းက ခြေသလုံးပေါ်တွင် တင်ထားပါ။ လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်တန်းပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို တဖြည်းဖြည်းအရှေ့သို့ ချလိုက်ပါ။ လက်ဖဝါးနှစ်ဖက်က ကြမ်းပြင်နှင့် ထိကပ်နေရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။
လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်းပြုလုပ်သည့်ဖျာပေါ်တွင် ဝမ်းလျားမှောက်နေပါ။ ထို့နောက် လက်နှစ်ဖက်အားကို အသုံးပြုပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တဖြည်းဖြည်းချင်း ကြွလိုက်ပါ။ မိမိ သက်သောင့်သက်သာဖြစ်တဲ့အနေအထားအထိ ဆန့်တန်းပေးရပါမယ်။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားရပါမယ်။ အသက်ရှူသွင်း ရှူထုတ်ဖို့လည်း မမေ့ပါနဲ့။
Source: Menshealth.com
