မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ပီအက်စ်ဂျီအသင်းရဲ့ အနီးကပ် စောင့်ကြည့်လေ့လာခြင်းကို ခံနေရတယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားရဲ့ အနာဂတ်ဟာ လက်ရှိအချိန်အထိ နွေရာသီအပြောင်းအရွှေ့ကာလမှာ လူပြောအများဆုံး ကိစ္စတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်မှာ ဆက်နေဖို့ စာချုပ်ချုပ်ဆိုခြင်းမရှိဘူးဆိုရင် ၂၀၂၂ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပါတယ်။

Manchester United's Paul Pogba

Photo: sportskeeda

Le Parisien ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာရဲ့ အေးဂျင့် မိုင်နို ရွိုင်အိုလာက ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၎င်းရဲ့ကစားသမားနဲ့ လမ်းခွဲဖို့ စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပြီး ရွိုင်အိုလာဟာ ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ ကာလရှည်ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ရွိုင်အိုလာနဲ့ လီယိုနာဒိုတို့ ၂ ဦးစလုံးဟာ ယခုနွေရာသီမှာ ပေါ့ဂ်ဘာကို ပဲရစ်အရောက် ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပြီး RMC Sport ရဲ့သတင်းမှာတော့ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီက ပေါ့ဂ်ဘာအတွက် ရွိုင်အိုလာနဲ့ နိုက်စ်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Paul Pogba

Photo: Freepik

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို မရောင်းချင်ပေမယ့်လည်း ပေါ့ဂ်ဘာက စာချုပ်သစ် မချုပ်ဆိုချင်တော့ဘူးလို့ ရွိုင်အိုလာနဲ့ နက်ဆာ အယ်လ်ခါလီဖီတို့က ပြောကြားခဲ့ပြီး အဲဒီလိုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံကို ယခုနွေရာသီမှာ ရောင်းထုတ်ပြီး ငွေပေါ်ဖို့ ကြိုးပမ်းဖို့ ဖြစ်နိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။