ဘရာဇီးလ်ရဲ့ ကြယ်ပွင့် ကစားသမား နေမာကတော့ သိပ်မကြာသေးခင်ကမှ ဘရာဇီးလ် ဘောလုံးလောကရဲ့ ဂန္တဝင် ကစားသမားကြီး ပီလီရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်ပြီး ဘရာဇီးလ် ကစားသမားတွေထဲ ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်သစ်ကို စိုက်ထူထားနိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် မရှေးမနှောင်းမှာပဲ ACL Injury ဆိုတဲ့ ဒူးအရွှတ်စုတ်ပြဲ ဒဏ်ရာဆိုးကြီး ရရှိလိုက်ရလို့ ဘောလုံးကစားခြင်းကနေ အနားယူနေရပါတယ်။

neymar injury

Photo Credit : ESPN

နေမာဆိုတာ ရော်နယ်လ်ဒို မက်ဆီတို့ပြီးရင် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ကစားသမားလည်း ဖြစ်သလို GOAT ကြီး နှစ်ဦးပြီးရင် တတိယ အကောင်းဆုံး ကစားသမားလို့လည်း သတ်မှတ်ခံထားရသူပါ။ သူ့မှာ ဘောလုံးစွမ်းရည်ကောင်းတွေ များစွာ ပိုင်ဆိုင်ထားပြီး အရည်အချင်းတွေလည်း ရှိပေမယ့် မကြာခဏဆိုသလို ဒဏ်ရာပြသာနာတွေ ရရှိနေတက်တာက နေမာရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်စေရပါတယ်။ ဘရာဇီးလ် ကစားသမားတွေရဲ့ ထုံးစံအတိုင်း အပျော်အပါး မက်လွန်းတက်တာက နေမာအတွက် သိပ်ပြသာနာ မဟုတ်ပေမယ့် ဒဏ်ရာတွေနဲ့ ခဏတိုင်း ရင်ဆိုင်နေရတာကတော့ နေမာကို ရောက်သင့်သလောက် မရောက်စေသလိုမျိုး ဖြစ်ခဲ့ရပါတယ်။

neymar jr

Photo Credit : Eurosport

နေမာလို ဘောလုံးစွမ်းရည်မျိုးနဲ့ဆို ဘောလုံးလောကရဲ့ အထင်ကရဖြစ်တဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကို ပိုင်ဆိုင်နိုင်သင့်ပေမယ့်လည်း နေမာက သူရဲ့ ကစားသမားဘဝအတွင်း အထင်ရှားဆုံး တစ်ဦးချင်းဆုတွေအဖြစ် တောင်အမေရိက အကောင်းဆုံးကစားသမားဆု (၂)ကြိမ် ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံးဆု (၁)ကြိမ် နဲ့ လာလီဂါရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (၁)ကြိမ်တို့ကိုသာ ပိုင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာဆိုရင်လည်း နေမာက ဆော်ဒီကလပ် အယ်လ်ဟီလာမှာ ကစားသမားဘဝကို ဖြတ်သန်းခါစပဲ ရှိသေးချိန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ACL ဒဏ်ရာကြောင့် ၂၀၂၄မှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲကိုပါ လွဲချော်ရပါတော့မယ်။

neymar

Photo Credit : SPORT

ဘရာဇီးလ်အသင်းနဲ့အတူ အိုလံပစ်ချန်ပီယံ ၊ ကွန်ဖရက်ဒေးရှင်း ချန်ပီယံတွေ ဖြစ်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလား နဲ့ ကိုပါအမေရိကတို့လို အထင်ကရ ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု မရသေးတဲ့ နေမာကတော့ အခုလည်း ကိုပါအမေရိကပြိုင်ပွဲကို သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်သလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာပါ သူရဲ့ အသက်အရွယ် ကြံခိုင်မှု အနေအထားတွေကြောင့် ဘရာဇီးလ်အတွက် ပါဝင်ကစားပေးဖို့ဆိုတာ လုံးဝကို မလွယ်ကူနိုင်တော့ပါဘူး။

Featured Photo : Saudi Gazetta