စပိန် လာလီဂါပြိုင်ပွဲ နဲ့ ဥရောပ ဘောလုံးရပ်ဝန်းရဲ့ အင်အားကြီး ကလပ်အသင်း ရီးယဲလ် မက်ဒရစ် ဟာ လက်ရှိအချိန်မှာ ACL injury လို့ လူသိများလှတဲ့ ဒူးအရွတ် စုတ်ပြဲခြင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဟာ လအတန်ကြာလောက်အထိတောင် အနားယူသွားရပါတော့မယ်။

Photo Credit : Clutch Points

ACL ဒဏ်ရာကို စတင် ခံစားမိရတာကတော့ ရီးယဲလ် အသင်းရဲ့ ပင်တိုင် ဂိုးသမားဖြစ်သူ သီဘော့ ကော်တွိုက်စ်ပဲ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တွိုက်စ်က သူရဲ့ ACL injury ပြသာနာကြောင့် အခုနှစ် ဘောလုံးရာသီ တစ်ခုလုံးပါ အနားယူသွားရနိုင်တယ်လို့ မီဒီယာတစ်ချို့မှာ ဖော်ပြထားခဲ့သလို သူ့ဒဏ်ရာကလည်း ခွဲစိတ်ဖို့ လိုအပ်လာတဲ့အတွက် ရီးယဲလ်က ကော်တွိုက်စ်နေရာ ရေတို အစားထိုးဖို့ ချယ်လ်ဆီး ဂိုးသမား ကက်ပါကိုပါ တစ်ရာသီ အငှားနဲ့ ခေါ်ယူထားခဲ့ရပါသေးတယ်။

militao

Photo Credit : Goal

ကော်တွိုက်စ် ဒဏ်ရာရပြီး သိပ်မကြာခင်မှာပဲ ရီးယဲလ် ရဲ့ အဓိက နောက်ခံလူ မီလီတာအိုက ဘီလ်ဘာအိုနဲ့ လာလီဂါ အဖွင့်ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားခဲ့ရာ ချက်ချင်း လူစားလဲလိုက်ရပြီး ဒဏ်ရာ အတိမ်အနက်ကို စစ်ဆေးကြည့်လိုက်ရမှာ မီလီတာအိုလည်း ACL injury ဖြစ်နေရပါတယ်။ မီလီတာအိုအနေနဲ့ ဒီဒဏ်ရာ ပြသာနာကြောင့် အနည်းဆုံး (၆)လလောက်အထိ အနားယူသွားရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရီးယဲလ်အနေနဲ့ မီလီတာအို နေရာမှာ ရူဒီဂါကို အစားထိုးလို့ ရနိုင်သေးတာကြောင့် နောက်ခံလူတစ်ဦး ထပ်မံ ခေါ်ယူဖွယ် မရှိတော့ပဲ အသင်းက ရှိရင်းစွဲ ကစားသမားတွေကိုသာ လိုအပ်သလို အသုံးပြုသွားနိုင်ပါတယ်။

courtois& militao

Photo Credit : Twitter

စိုးရိမ်စရာ ရှိတာက ဒီလို ACL ဒဏ်ရာ ရသွားတဲ့ ကစားသမားတိုင်းက ရီးယဲလ် အတွက် အဓိက ကစားသမားတွေ ဖြစ်နေတာမို့ ဒါက အသင်းအပေါ် ဆိုးရွှားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို ဒီကစားသမား နှစ်ဦးလုံး ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာတောင် အရင်လို ခြေစွမ်းမျိုး ပြန်လည် ပြသနိုင်ဖို့ဆိုတာကလည်း အချိန်အတိုင်းအတာ တစ်ခုလောက်အထိ ကြာမြင့်သွားနိုင်ပါတယ်။ အခုလို ကကာလရှည် အနားယူရတော့မယ့် ကော်တွိုက်စ် နဲ့ မီလီတာအို နေရာမှာ ကက်ပါ နဲ့ ရူဒီဂါတို့ ဘယ်လောက်အထိ အစားထိုး ကစားနိုင်မလဲဆိုတာကလည်း စောင့်ကြည့်သွားရပါမယ်။