အမျိုးသားတစ်ယောက်အတွက် ဖက်ရှင်ကျသလို စမတ်ကျကျနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့အတွက်ဆို T-Shirt တွေက မပါမဖြစ်လို့ ပြောလို့ရပါတယ်။ ဒီထဲမှာမှ အနက်ရောင် T-Shirt တွေကတော့ စွယ်စုံရတဲ့ ဆရာတစ်ဆူပါပဲ။ အနက်ရောင် T-Shirt တစ်ထည်ရှိရုံနဲ့ ပေါ့ပေါ့ပါးပါး ထသွားထလာကနေ ရုံးတက် ၊ ပွဲတက် အခမ်းအနားတွေအထိ ဖက်ရှင်ကျကျ ရှိုးထုတ်လို့ ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အနက်ရောင် T-Shirt တွေကို အထာကျဆုံး ဖြစ်စေဖို့ ဘယ်လို ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင် ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) Jacket တွေနဲ့ ဝတ်ပါ

Photo : DMARGE

အနက်ရောင် T-Shirt တွေကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ဝတ်ချင်တယ်ဆိုရင် အပေါ်ထပ် Jacket တွေနဲ့ ဝတ်လို့ရပါတယ်။ ရုံးတက်/ကျောင်းတက် ဖက်ရှင်ကနေ ညဘက် Nightout ထွက်ချိန်တွေအထိ စွယ်စုံရတဲ့ ဖက်ရှင်အတွဲအစပ် ဖြစ်ပါတယ်။ အနက်ရောင် T-Shirt တစ်ထည်ရှိတယ်ဆိုရင် Denim Jacket တွေနဲ့ ရိုးရိုးရှင်းရှင်း ဝတ်မလား ၊ Suede Jacket တွေနဲ့ပဲ သန့်သန့်လေး ရှိုးထုတ်မလား ဒါမှမဟုတ် Bomber Jacket တွေနဲ့ပဲ လူငယ်ဆန်ဆန် ဂေါ်မလား ကွီးတို့စိတ်ကြိုက် တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။

(၂) Jeans နဲ့ ဝတ်ပါ

Photo : DMARGE

အနက်ရောင် T-Shirt နဲ့ တွဲဝတ်ဖို့ အလိုက်ဖက်ဆုံးကတော့ Jeans တွေပါပဲ။ ဘယ်လို Jeans အရောင်နဲ့မဆို တွဲဖက်ဝတ်လို့ အဆင်ပြေပြီး ပိုပြီး ထူးထူးခြားခြားနဲ့ လိုက်ဖက်မှု ရှိချင်တယ်ဆိုရင်တော့ အဖြူရောင် Jeans ဒါမှမဟုတ် အနက်ရောင် Jeans တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ လူငယ်ဆန်ဆန် ဂေါ်ချင်သူတွေအတွက်ဆို Skinny Jeans တွေနဲ့ တွဲဝတ်လို့ အဆင်ပြေပြီး လူလတ်ပိုင်း ကွီးတို့အတွက်ကတော့ Regular Fit ကိုမှ Leather Boots တွေနဲ့ တွဲဝတ်လို့ ရပါတယ်။

(၃) ဘောင်းဘီတိုနဲ့ ဝတ်ပါ

Photo : DMARGE

ရာသီဥတု ပူတဲ့အချိန်တွေမှာ အထာကျကျ ဂေါ်ချင်ရင်တော့ အနက်ရောင် T-Shirt တွေကို ဘောင်းဘီတိုနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ ဟိုနားဒီနား ပေါ့ပေါ့ပါးပါး သွားလာတဲ့အချိန်တွေကနေ အားကစားလုပ်တဲ့ အချိန်တွေအထိ ဒီဖက်ရှင်အတွဲအစပ်ကို ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ Jeans ဘောင်းဘီတို ၊ Sport ဘောင်းဘီ ဒါမှမဟုတ် ချည်သားဘောင်းဘီတို စသည်ဖြင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်ပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပါတယ်။

(၄) Joggers တွေနဲ့ ဝတ်ပါ

Photo : DMARGE

Joggers တွေကတော့ Gym ခန်းမတွေထဲမှ မဟုတ်ပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့အတွက် နေရာမရွေး ဝတ်လို့အဆင်ပြေတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ Joggers တွေကလည်း အနက်ရောင် T-Shirt တွေနဲ့ တွဲဝတ်လို့ အလိုက်ဖက်ဆုံး ဖက်ရှင်အတွဲအစပ် တစ်ခုပါပဲ။ ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ ရှင်းသန့်တဲ့ ဖက်ရှင်အသွင်အပြင်ကို ပေးစွမ်းပါလိမ့်မယ်။

(၅) Blazer တွေနဲ့ ဝတ်ပါ

Photo : DMARGE

အနက်ရောင် T-Shirt တွေနဲ့ Smart Casual ဆန်ဆန် စတိုင်ကျကျ ရှိုးထုတ်ချင်တယ် ဆိုရင်တော့ Blazer တွေနဲ့သာ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်။ Blazer တွေနဲ့ ဝတ်တဲ့အခါ လည်ဝိုင်းထက် V-neck Tee တွေက ပိုပြီး လိုက်ဖက်ပါတယ်။ ပေါ့ပေါ့ပါးပါး ရုံးတက် ၊ ပွဲတက်ဖို့ သင့်တော်ပြီး လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်တဲ့ Vibe မျိုးကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

Featured Photo : DAPPER & GROOMED