လူ့သက်တမ်းကို နောက်ပြန်ဆုတ်နိုင်မယ့် သိပ္ပံပညာရဲ့ အံ့မခန်း တွေ့ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဘွန်းတက္ကသိုလ်က သုတေသီတွေဟာ အသက် ၈၀ အရွယ် လူတစ်ဦးရဲ့ သွေးဆဲလ်တွေကို အသက် ၁၉ နှစ်အရွယ် ဆဲလ်တွေအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ကြပါတယ်။

Aging Cell ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုဟာ ဆဲလ်တွေရဲ့ မော်လီကျူးနာရီကို ဆယ်စုနှစ် ၆ ခုကျော်အထိ နောက်ပြန်လှည့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အရင်ကဆိုရင် ဆဲလ်တွေကို အသစ်ပြန်ဖြစ်အောင် အဆင့်ဆင့် ပြောင်းလဲရလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလေ့လာမှုမှာတော့ သုတေသီတွေက ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုပြီး သွေးနီဥဆဲလ်အစပျိုးတွေကို အာရုံကြော ပင်မဆဲလ်တွေအဖြစ် တိုက်ရိုက် ပြန်လည်ပရိုဂရမ် ရေးဆွဲခဲ့ကြပါတယ်။

အဲဒီလို တိုက်ရိုက်ပြောင်းလဲလိုက်တဲ့အတွက် ဆဲလ်တွေဟာ အံ့ဩစရာကောင်းလောက်အောင် နုပျိုလာတာကို တွေ့ရှိခဲ့ရပါတယ်။

သုတေသီတွေဟာ ဒီအန်အေ ပြောင်းလဲမှုတွေကို တိုင်းတာတဲ့ မော်လီကျူးနာရီနဲ့ စောင့်ကြည့်ခဲ့ရာမှာ ရက်ပေါင်း ၅၀ အတွင်း ဆဲလ်တွေရဲ့ သက်တမ်းဟာ နှစ် ၆၀ စာ ပိုမိုနုပျိုလာတာကို အတိအကျ ခြေရာခံနိုင်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ချက်ချင်းကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း နုပျိုလာတာဖြစ်လို့ သုတေသီတွေအတွက် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို လေ့လာဖို့ အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အခုလို အိုမင်းနေတဲ့ ဆဲလ်တွေကို လူငယ်ဆဲလ်တွေလို တက်တက်ကြွကြွ အလုပ်လုပ်နိုင်တဲ့ အာရုံကြောဆဲလ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့တာဟာ ဆေးပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

အဲဒီတွေ့ရှိမှုကြောင့် ရှေ့ဆက်ပြီးတော့ အသက်အရွယ်ကြီးရင့်မှုနဲ့ ဆက်စပ်နေတဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသရာမှာ တော်လှန်ရေးတစ်ရပ် ဖြစ်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Ref: popularmechanics