ကမ္ဘာကျော် ရော့ခ်အင်ရိုးဘုရင်ကြီး Elvis Presley ရဲ့ ဂီတမူပိုင်ခွင့်တွေကို ထိန်းချုပ်ထားတဲ့ Authentic Brands Group က နာမည်ကြီး AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Anthropic ကို ဒေါ်လာ ၄၁ သန်းတန် အမှုကြီးတစ်ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ အဲဒီ တရားစွဲဆိုမှုမှာ Anthropic ဟာ သူတို့ရဲ့ နာမည်ကျော် AI မော်ဒယ် Claude ကို လေ့ကျင့်သင်ကြားပေးဖို့အတွက် Elvis Presley ရဲ့ အကောင်းဆုံး သီချင်း ၂၇၄ ပုဒ်ကို ခွင့်ပြုချက် လုံးဝမတောင်းခံဘဲ ဥပဒေမဲ့ အသုံးပြုခဲ့တယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က တရားဝင် တင်သွင်းခဲ့တဲ့ အဲဒီ တရားစွဲဆိုချက်မှာ ချိုးဖောက်ခံရတဲ့ သီချင်းတစ်ပုဒ်ချင်းစီအတွက် နစ်နာကြေး ဒေါ်လာ ၁ သိန်းခွဲလောက်အထိ တောင်းဆိုထားပါတယ်။
ရှေ့နေ Richard Busch ကတော့ ဒီလိုမျိုး သူတစ်ပါးရဲ့ မူပိုင်ခွင့်တွေကို ကြီးကြီးမားမား ချိုးဖောက်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကုမ္ပဏီကို ဥပဒေအရ အရေးယူတာဖြစ်တယ်လို့ ရှင်းပြခဲ့ပေမယ့် Anthropic ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို လုံးဝ လက်မခံနိုင်ဘဲ တရားခွင်မှာ အပြည့်အဝ ခုခံချေပသွားမယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

ဒီအမှုဟာ ဂီတလောကအတွက် သမိုင်းဝင်ဖြစ်လာနိုင်ပြီး အနုပညာရှင်တစ်ဦးတည်းရဲ့ သီချင်းတွေအတွက် သီးသန့် မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုတဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး အမှုတွေထဲက တစ်ခု ဖြစ်လာပါတယ်။ တရားလိုတွေရဲ့ အဆိုအရ Anthropic ဟာ Elvis Presley ရဲ့ သီချင်းတွေကို အသုံးပြုပြီး ခွင့်ပြုချက်မရှိတဲ့ ဖန်တီးမှုအသစ်တွေကို AI ကနေတစ်ဆင့် ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
Anthropic ဘက်က သူတို့ရဲ့ AI တွေကို စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားတယ်လို့ အခိုင်အမာ ဆိုနေပေမယ့် လက်တွေ့မှာတော့ Claude ဟာ မူလသီချင်းတွေနဲ့ အလွန်ဆင်တူတဲ့ သီချင်းပုံစံတွေနဲ့ စာသားတွေကို ပြန်လည်ထုတ်ပေးနေဆဲ ဖြစ်တယ်လို့ တရားစွဲဆိုချက်မှာ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။ ဒါဟာ သာမန် မှီငြမ်းတာမျိုး မဟုတ်တော့ဘဲ မူပိုင်ခွင့်ရှိတဲ့ သီချင်းတွေကို ပုံစံတူ ကူးယူဖန်တီးနေတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
Ref: Pitchfork


