Mae Klong Railway Market (Hoop Rom Market) ဆိုတာ ထိုင်းနိုင်ငံ Samut Songkhram ပြည်နယ် မှာ ရှိတဲ့ ဒေသတွင်း ဈေးတစ်ခုဖြစ်ပြီး Siang Tai (အန္တရာယ်များတဲ့) ဈေးလို့ အများအားဖြင့် ခေါ်ကြပါတယ်။

အဲဒီဈေးဟာ ပြည်နယ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ မီတာ ၁၀၀ ကျော် အရှည်ရှိတဲ့ အဲဒီဈေးဟာ Samut Songkhram ပြည်နယ်, Mueng ခရိုင်မှာ ရှိတဲ့ Mae Klong Railway Station အနီး ရထားလမ်းဘေးမှာ တည်ရှိပါတယ်။

အဲဒီဈေးဟာ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစိုအခြောက် အစားအစာတွေ၊ အသားတွေနဲ့ အခြား ကုန်ပစ္စည်းမျိုးစုံကို ရောင်းချတဲ့ ဈေးတစ်ခုဖြစ်ပါတယ်။ Mae Klong Railway Market ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

အဲဒီဈေးရဲ့ ဈေးဆိုင်တွေဟာ Mahachai နဲ့ Mae Klong အကြား ပြေးဆွဲနေတဲ့ ရထားလမ်းတိုဖြစ်တဲ့ Mae Klong-Ban Laem ရထားလမ်းနဲ့ ကပ်လျက် ရှိနေတာကြောင့် အန္တရာယ်များတဲ့ဈေးလို့ ခေါ်ကြတာဖြစ်ပါတယ်။

ဈေးသည်တွေဟာ နေရောင်ခြည်ကနေ ကာကွယ်ဖို့ ထီးတွေ ဒါမှမဟုတ် မိုးကာစတွေကို ထောင်ထားကြပါတယ်။ အဲဒီ အမိုးအကာတွေဟာ စျေးဝယ်သူတွေ လမ်းလျှောက်ပြီး စျေးဝယ်နေကြတဲ့ ရထားလမ်းအထိ အပြင်ကို ထွက်နေပါတယ်။

ရထားလာတော့မယ့် အချက်ပြဥဩသံ မြည်လာတဲ့အခါမှာတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဈေးသည်တွေဟာ သူတို့ရဲ့ ထီးတွေ၊ မိုးကာစတွေကို အမြန် ရုပ်သိမ်းကြသလို လမ်းတစ်လျှောက် ခုတ်မောင်းလာမယ့် ရထားကို အဟန့်အတား ဖြစ်စေမယ့် ပစ္စည်းမှန်သမျှကို အလျင်အမြန် ဖယ်ရှားကြပါတယ်။

ရထားဖြတ်သွားတာနဲ့ ထီးတွေ၊ မိုးကာစတွေကို ပြန်ဖွင့်ပြီး ပစ္စည်းတွေကိုလည်း ရထားလမ်းဘေးက မူလနေရာတွေမှာ ပြန်ထားကြပါတယ်။

ဒါကြောင့် အဲဒီဈေးကို Hoop Rom (ထီးသိမ်း) ဈေးလို့လည်း ခေါ်ကြတာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တာဟာ ဈေးသည်တွေနဲ့ ဒေသခံတွေအတွက် ပုံမှန်ဖြစ်နေပေမယ့် လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ ရောက်တိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ထီးသိမ်းတဲ့ ဖြစ်စဉ်ဟာ Mahachai ကနေ Mae Klong ကို ထွက်ခွာတဲ့ အချိန်နဲ့ Mae Klong ကနေ Mahachai ကို ထွက်ခွာတဲ့ ရထားအချိန်ဇယားအတိုင်း တစ်နေ့ကို ၈ ကြိမ် ဖြစ်ပွားပါတယ်။

ရထားတွေဟာ မနက် ၈:၃၀ နာရီ၊ မနက် ၁၁:၁၀ နာရီ၊ နေ့လယ် ၂:၃၀ နာရီနဲ့ ညနေ ၅:၄၀ နာရီတို့မှာ Mae Klong Station ကို ရောက်ရှိမှာဖြစ်ပြီး မနက် ၆:၂၀ နာရီ၊ မနက် ၉:၀၀ နာရီ၊ မနက် ၁၁:၃၀ နာရီနဲ့ နေ့လယ် ၃:၃၀ နာရီတို့မှာ အဆိုပါ ဘူတာကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

အဲဒီဈေးကို မော်တော်ကားနဲ့ သွားမယ်ဆိုရင် Thonburi-Pak Tho လမ်းကြောင်းအတိုင်း ၆၃ ကီလိုမီတာ ရောက်သည်အထိ မောင်းနှင်ရမှာဖြစ်ပါတယ်။

ဘယ်ဘက်ကပ်ပြီး ဘေးပြိုင် ခုံးကျော်လမ်းအတိုင်း ဝင်သွားရင် Samut Songkhram ရဲ့ မြို့လယ်ကို ရောက်မှာဖြစ်ပါတယ်။ ပထမ မီးပွိုင့်နဲ့ ဈေးကို ကျော်ပြီး မောင်းသွားပါ။

ဒုတိယ မီးပွိုင့်မှာ ညာဘက်ကွေ့ပြီး ရထားလမ်းကို ဖြတ်လိုက်ရင် Mae Klong Railway Market ကို ရောက်ရှိမှာဖြစ်ပါတယ်။ ရထားနဲ့ သွားမယ်ဆိုရင်တော့ Wonwian Yai Railway ဘူတာကနေ စီးနင်းပြီး Mahachai ဘူတာမှာ ဆင်းရပါမယ်။

အဲဒီနောက် ကူးတို့သင်္ဘောစီးပြီး Tha Chalom ဘက်ကို ကူးကာ Ban Laem ဘူတာကနေ နောက်ဆုံးဘူတာဖြစ်တဲ့ Mae Klong ဘူတာဆီ ရထားဆက်စီးရမှာဖြစ်ပါတယ်။

Ref: Tourism Authority of Thailand