အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ ကိုယ့်ဘာသာ သန့်စင်နိုင်စွမ်းရှိသလို ကာကွယ်နိုင်စွမ်းနဲ့ ကုစားနိုင်စွမ်းတွေပါ ရှိတဲ့ အံ့မခန်း အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလည်း သူ့နည်းသူ့ဟန်နဲ့ အချက်ပြပေးတတ်ပါတယ်။

အောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်ခုခု ဖြစ်ပေါ်လာပြီဆိုရင် ဒါဟာ ခန္ဓာကိုယ်က သတိပေးနေတာ ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကျန်းမာရေးအတွက် အမျိုးသမီးတိုင်း သတိထားနားထောင်သင့်တဲ့ မိန်းမကိုယ်က အချက်ပြနေတဲ့ အဓိကအချက် ၁၃ ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်ဝန်ရှိနေခြင်း

ရာသီထိန်တာအပြင် သွေးစီးဆင်းမှုများလာတာကြောင့် မိန်းမကိုယ်တစ်ဝိုက် အပြာရောင်သန်းလာတာ၊ အီစထရိုဂျင်ဟော်မုန်း မြင့်တက်လာလို့ အဖြူဆင်းတာများလာတာနဲ့ မှိုပိုးဝင်လွယ်တာတွေ ဖြစ်တတ်ပါတယ်။

၂။ စားသောက်ထားတဲ့ အစားအသောက်တွေ

ကညွတ်၊ ကြက်သွန်နီ၊ အနီရောင်အသားနဲ့ ဘရိုကိုလီလို အစားအသောက်တွေကို အများအပြားစားမိရင် မိန်းမကိုယ်ရဲ့ အနံ့အသက်က ပုံမှန်ထက် ပြောင်းလဲသွားတတ်ပါတယ်။

၃။ စိတ်ဖိစီးမှုများနေခြင်း

စိတ်ဖိစီးမှုများတဲ့အခါ မိန်းမကိုယ်ရဲ့ pH မျှခြေကို ထိန်းပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ဟန်ချက်ပျက်သွားပြီး မှိုပိုးတွေ ပေါက်ပွားကာ ယားယံတာနဲ့ အဖတ်လိုက် အဖြူဆင်းတာတွေ ဖြစ်စေပါတယ်။

၄။ ရောဂါပိုးဝင်နေခြင်း

ငါးညှီနံ့ထွက်ပြီး အဝါ၊ အစိမ်း ဒါမှမဟုတ် မီးခိုးရောင် အရည်ဆင်းရင် ဘက်တီးရီးယားပိုးဝင်တာ၊ အဖတ်လိုက်ဆင်းပြီး ယားယံရင် မှိုပိုးဝင်တာနဲ့ ကြက်ဥပုပ်နံ့ထွက်ပြီး အမြှုပ်ထတဲ့အရည်ဆင်းရင် Trichomoniasis ပိုးဝင်တာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။

၅။ မျိုးဥကြွေနေခြင်း

မျိုးဥကြွေတဲ့အချိန်မှာ တခြားရက်တွေထက် အရည်ဆင်းတာ အဆ ၃၀ လောက်အထိ ပိုများတတ်ပြီး အဲဒီအရည်က ကြည်လင်၊ ကျဲပြီး ဆွဲဆန့်လို့ရတဲ့ ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။

၆။ ကွန်ဒုံးသုံးသင့်ခဲ့ခြင်း (လိင်မှတစ်ဆင့်ကူးစက်ရောဂါ)

အနံ့ဆိုးထွက်တာ၊ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အရည်ကြည်ဖု ဒါမှမဟုတ် အနာတွေ ပေါက်လာတာမျိုးဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

၇။ ရာသီလာတော့မယ့်အချိန်

ရာသီမလာခင်ရက်တွေမှာ မျိုးဥကြွေချိန်လောက် မများပေမယ့် ပုံမှန်ထက် အရည်ပိုဆင်းတတ်သလို မိန်းမကိုယ်ကလည်း ထိရှလွယ်နေတတ်ပါတယ်။

၈။ စိတ်ကြွနေခြင်း

လိင်စိတ်နိုးကြွလာတဲ့အခါ လိင်အင်္ဂါတစ်ဝိုက် သွေးစီးဆင်းမှုများလာပြီး မိန်းမကိုယ်မှာ တရွရွနဲ့ ကျဉ်သလို ခံစားချက်မျိုး ဖြစ်ပေါ်တတ်ပါတယ်။

၉။ မိန်းမကိုယ်ဆိုင်ရာ ဝေဒနာရှိနေခြင်း

အတူနေချိန်တိုင်း မကြာခဏ နာကျင်နေမယ်ဆိုရင် Vulvodynia လို မိန်းမကိုယ်နာကျင်တဲ့ ဝေဒနာ ဒါမှမဟုတ် သားအိမ်နံရံတစ်ရှူး နေရာလွဲမှားတဲ့ရောဂါ (Endometriosis) ဖြစ်နိုင်လို့ ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

၁၀။ ရေချိုးချိန် အလွန်အကျွံ သန့်စင်မိခြင်း

မိန်းမကိုယ်ဟာ ကိုယ့်ဘာသာ သန့်စင်နိုင်တာကြောင့် ရေရိုးရိုးနဲ့ ဆေးကြောရုံနဲ့ လုံလောက်ပါတယ်။ ဆပ်ပြာ၊ အမွှေးနံ့သာနဲ့ သန့်စင်ဆေးရည်တွေ အလွန်အကျွံသုံးရင် အရေပြားဓာတ်မတည့်တာ၊ ယားယံတာနဲ့ အနံ့ဆိုးထွက်တာတွေ ဖြစ်စေပါတယ်။

၁၁။ အထွတ်အထိပ်ရောက်ခြင်း

အထွတ်အထိပ်ရောက်ခါနီးမှာ သားအိမ်နံရံနဲ့ မိန်းမကိုယ်ကြွက်သားတွေ တလှပ်လှပ်တုန်ခါလာပြီး ဖိအားတွေစုစည်းကာ နောက်ဆုံးမှာ ကြွက်သားတွေ ကျုံ့လိုက်ပြေလိုက် ဖြစ်သွားတတ်ပါတယ်။

၁၂။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်မိခြင်း

စက်ဘီးအကြာကြီးစီးတာကြောင့် ဖိအားများပြီး နာကျင်ကိုက်ခဲတာ၊ အချိန်ကြာလာရင် အာရုံခံစားမှုလျော့နည်းတာတွေ ဖြစ်တတ်သလို အားကစားဝတ်စုံ ကျပ်လွန်းရင်လည်း ပွန်းပဲ့ဒဏ်ရာတွေ ရတတ်ပါတယ်။

၁၃။ ချွေးစိုနေတဲ့ အဝတ်အစားတွေ လဲသင့်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီး ချွေးစိုနေတဲ့ ဘောင်းဘီ ဒါမှမဟုတ် ရေကူးဝတ်စုံအစိုကို အကြာကြီးဝတ်ထားရင် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး ယားယံတာနဲ့ အဖြူဆင်းများတာတွေ ဖြစ်စေနိုင်တာကြောင့် အဝတ်အစားကို အမြန်လဲလှယ်ပေးသင့်ပါတယ်။

Ref : bustle